ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဆောက်အဦ ၊ လမ်း ၊ တံတား ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၂

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သည် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဆောက်အဦ ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရေး သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်တာဝန်ခံများမှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းပြီးစီးမှုနှင့်ငွေကြေးသုံးစွဲမှု ဟန်ချက်ညီစေရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ပြီး နိုင်ငံ့ဘဏ္ဍာ ရန်ပုံငွေလေလွင့်မှုမရှိစေရေး တာဝန်ရှိသူများက ကြတ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် လွဲချော်မှုမရှိစေရေး ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာကျင့်သုံးရမည်ဖြစ်ကြောင်း၊ မူဝါဒ၊ ညွှန်ကြားချက်နှင့် လုပ်ငန်းလိုအပ်ချက်များ အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်၍ လုပ်ထုံးလုပ်နည်းအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်