ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်ခ်(Minsk)မြို့၌ ပြည်ထဲရေးဝန်ကြီးဌာန First Deputy Minister, Major General Nazarenko Yuryi Gennadievich နှင့် တွေ့ဆုံ၍ e-ID စနစ်ဆိုင်ရာလုပ်ငန်းများဆွေးနွေး၊  အမျိုးသားအီလက်ထရောနစ် ဗဟိုထိန်းချုပ်

နေပြည်တော် မေ ၄

 

ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီး Lt General Ivan Kubrakob ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းနှင့် အဖွဲ့သည် မေ ၁ ရက်၊ ညနေ ၅ နာရီခွဲတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြပြီး မေ ၂ ရက်၊ ဒေသစံတော်ချိန် ည ၁၁ နာရီ မိနစ် ၂၀ တွင် ဘယ်လာရုစ် သမ္မတနိုင်ငံ၊ မင့်စ်ခ် (Minsk) အမျိုးသားလေဆိပ်သို့ ရောက်ရှိကြရာ ဘယ်လာရုစ်သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဌာနမှူး Colonel Mr.Begun Alexey Yurievichနှင့် တာဝန်ရှိသူများက အဆိုပါလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် မေ ၃ ရက်၊ နံနက်ပိုင်းတွင် မင့်စ်ခ်မြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ ပြည်ထဲရေးဝန်ကြီးဌာန First Deputy Minister Major General Nazarenko Yuryi Gennadievich ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဘယ်လာရုစ်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးနှင့် Biometric နည်းပညာသုံး အမျိုးသားစိစစ်ရေးကတ်စနစ်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေနေများကို အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေးကြပြီး  အမှတ်တရ လက်ဆောင်များ အပြန်အလှန်ပေးအပ်ကာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင့်စ်ခ်မြို့ရှိ အမျိုးသားအီလက်ထရော နစ် ဗဟိုထိန်းချုပ်ကွပ်ကဲရေးစင်တာသို့ သွားရောက်ကြည့်ရှုလေ့လာကြရာ Director Gradusof Roman Anatovich နှင့် တာဝန်ရှိသူများက ဘယ်လာရုစ်နိုင်ငံ၏ e-ID စနစ်အကောင်ထည်ဖော် ဆောင်ရွက်နေမှုအခြေနေများ၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် ဒီဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်မှု အခြေအနေများ၊ သတင်းအချက်အလက်စနစ် ပေါ်ပေါက်လာပုံနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုစနစ်အတွက် လိုအပ်သည့်အရင်းအမြစ်များ၊ အမျိုးသားဒီဂျစ်တယ်ဝန်ဆောင်မှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့မှုနှင့် လက်ရှိအသုံးပြု ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြသကြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း ဆောင်ရွက်မှု အခြေနေများနှင့် e-ID စနစ် အကောင်ထည်ဖော် ဆောင်ရွက်နေမှုအခြေနေများကို ဆွေးနွေးပြောကြားကာ သိရှိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်