ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲသို့ တက်ရောက်

နေပြည်တော် မေ ၂၁

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့နံနက် နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ရှမ်းပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်း ကောက်ယူခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏တိကျမှန်ကန်သော လူဦးရေနှင့် လူမှုစီးပွားရေး ဆိုင်ရာ စာရင်းအင်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရှိရန်နှင့် လိုအပ်သော မူဝါဒများ၊ စီမံကိန်းများ၊ မဟာဗျူဟာနှင့်နည်းဗျူဟာများ ချမှတ်နိုင်ရန်ဖြစ်ပါကြောင်း၊ ပြည်လုံး ကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်၌ ရှိမည့်ခန့်မှန်းလူဦးရေ (၅၆)သန်း ကျော်နှင့် ခန့်မှန်းအိမ်ထောင်စုအရေအတွက် (၁၃) သန်းခန့်ကို အခြေခံတွက်ချက်ထားရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြေပြင်ကွင်းဆင်းရေးဆွဲမှုအရ သန်းခေါင်စာရင်းယူနစ် (Census Unit) (၈၀၀၀၀) ခန့်ရှိပြီး စာရင်းကောက်ကွက် ပေါင်း(၁၁၀၀၀၀) ခန့်ရှိမည်ဖြစ်ပါကြောင်း။

သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း (၄၂၀၀၀)ခန့်ဖြင့် ကောက်ယူ ဆောင်ရွက်ရန်လျာထားပြီး ရှမ်းပြည်နယ်အနေဖြင့် သန်းခေါင်စာရင်းယူနစ် (၁၈၀၀)ခန့်ကို ကောက်ကွက် ပေါင်း (၁၂၀၀၀) ကျော်ဖြင့်ဖွဲ့စည်း၍ စာရင်းစစ်၊ စာရင်းကောက် (၅၀၀၀)ခန့်ဖြင့် ကောက်ယူရန်လျာထား ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းသို့ ကယားပြည်နယ်မှ နေရပ်စွန့်ခွာပြည်သူများ ဝင်ရောက်နေထိုင်မှု ရှိသည့်အတွက် ၎င်းတို့ကို ကောက်ယူနိုင်ရေးအတွက်လည်း ကြိုတင်စီစဉ်ဆောင်ရွက်ထားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ စာရင်းကောက်ယူရာတွင် တွေ့ရှိရာအရပ်၌ ကောက်ယူသည့်မူ (De Facto) ဖြင့် အသုံးပြု၍ စာရင်းကောက်များက ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် (Computer Assisted Personal Interviews-CAPI) စနစ်ဖြင့် Tablet များ အသုံးပြုကောက်ယူ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ()ရက်မှ (၁၅) ရက်အထိ (၁၅) ရက်ကြာ ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံရေးအခြေအ နေမှလွဲ၍ လမ်းခရီးအခက်အခဲကြောင့် သတ်မှတ်ရက် အတွင်းကောက်ယူရန် ကျန်ရှိနေပါက ရက်ထပ်မံတိုးမြှင့် ကောက်ယူနိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန်လည်းလိုကြောင်း၊ သန်းခေါင်စာရင်း ရည်ညွှန်းချိန်မှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ (၃၀) ရက်၊ ညသန်းခေါင်ယံအချိန်ဖြစ်ပြီး အိမ်ထောင်စု မေးခွန်းပုံစံအတွက် မေးခွန်း(၆၈)ခု၊ အဖွဲ့အစည်းမေး ခွန်းပုံစံမေးခွန်း(၁၈)ခုကို တစ်အိမ်တက်ဆင်း မေးမြန်းကောက်ယူမည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများ အပါအဝင် နေရာအားလုံးအား ကောက်ယူနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် အတွက် မဖြစ်မနေဆောင်ရွက်ရမည့်အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်နှင့်အညီ လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အားလုံးကဝိုင်းဝန်း ကူညီကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်း  ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းနှင့်ပတ်သက်၍ ကော်မတီအဆင့်ဆင့်ဖွဲ့စည်းမှု၊ လက်ရှိလုပ်ငန်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက သန်းခေါင်စာရင်း ကောက်ယူခြင်းမှရရှိနိုင်မည့် အချက် အလက်များ၊ လူဦးရေပြောင်းလဲမှုဖြစ်စဉ်၏အရေးပါမှု၊ သန်းခေါင်စာရင်းအချက်အလက်များမှ ဖော်ထုတ်ချက်အကျဉ်းချုပ်တို့ကို ရှင်းလင်းဆွေးနွေးတင်ပြပြီး သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်ပြသမည့် ပြည်သူလူထု အသိပညာပေး TV Spot များကို ပြသသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက သန်းခေါင်စာရင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ သိရှိလိုသည် များကို မေးမြန်းဆွေးနွေးကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းကောက်ယူ ခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာရှမ်းပြည်နယ် သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ ဦးစိုင်းသော်ဝင်းက လက်ခံရယူပြီး ပြည်ထောင်စုဝန်ကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် အသုံးပြုမည့်ပစ္စည်းများ ခင်းကျင်းပြသလာမှုကို ကြည့်ရှု အားပေးကာ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)