ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြိတ်မြို့နယ်ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေးပြီး Biometric ကောက်ယူမှုကြည့်ရှု့အားပေး

နေပြည်တော် ဇွန် ၁၉

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြိတ်မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ မြို့နယ်ရုံးအတွင်း၌ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူ၊ လဲလှယ်လျှောက်ထားသူ၊ အိမ်ထောင်စုပြောင်းဝင်၊ ပြောင်းထွက်ဆောင်ရွက်သူ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြား စိစစ်ဆောင်ရွက်ပေးနေမှု၊ နိုင်ငံသားကတ်ပြားထုတ်ပေးပြီးသူများကို e-ID စနစ်အတွက် Biographic/ Biometric ကောက်ယူကာ UID နံပါတ်တစ်ပါတည်းဆောင်ရွက် ထုတ်ပေးနေမှု အခြေအနေများကိုလှည့်လည် ကြည့်ရှု့အားပေးသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးအတွင်း စာရွက်စာတမ်းများ ထိန်းသိမ်း ထားရှိမှုနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရုံးစာရွက်စာတမ်းများနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးဖိုင်များစနစ်တကျ လုံခြုံစွာထိန်း သိမ်းထားရှိဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ်နှင့် ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်တားဆီး ဆောင်ရွက် ရေးမှာကြားသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြိတ်မြို့ ပုလဲရတနာခန်းမ၌ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာနဝန်ထမ်းများသည် ပြည်သူနှင့်တိုက်ရိုက် ထိတွေ့ဆက်ဆံဆောင်ရွက်၍ ဝန်ဆောင်မှုပေးရသည့်အတွက် ပြည်သူအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရန်နှင့် လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းရန်လိုအပ်ကြောင်း၊ ဝန်ထမ်းအချင်းချင်း အထက်အောက် အပြန်အလှန်လေးစားယုံကြည်ကာ မိသားစုသဖွယ် စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာဆောင်ရွက်ကြရန် လိုကြောင်း၊ လုပ်ငန်းလိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြကြရန်နှင့် အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဝန်ထမ်းများကလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လုပ်ငန်း ဆိုင်ရာအခက်အခဲများ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများ အတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်