နေပြည်တော်၊ စက်တင်ဘာ ၂၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး Dr. Md. Monwar Hossain နှင့် အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသည် နယ်နိမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်းကောင်း မိတ်ဆွေရင်း များဖြစ်သည်နှင့်အညီ နှစ်နိုင်ငံအကျိုးတူပူးပေါင်း ဆောင်ရွက်မှုအခြေအနေ၊ နယ်စပ်ဒေသများ၌ နှစ်နိုင်ငံ ပြည်သူများရင်းနှီးချစ်ကြည်စွာ ဝင်/ထွက်သွားလာနေမှု၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်အား လက်ရှိအကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပေးပို့လာသည့် ပြန်လည်ဝင်ရောက်မည့်သူ များ၏ အချက်အလက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် စိစစ်ပြန်ကြားပြီးစီးမှု၊ ပြန်လည်ဝင် ရောက် လာမည့်သူများအတွက် မြန်မာနိုင်ငံအနေဖြင့် ကြိုတင်ပြင်ဆင်ထားရှိမှုများ အဆင်သင့် ဖြစ်နေ သော်လည်း ပြန်လည်ဝင်ရောက် မည့်အစီအစဉ်ပျက်ပြားစေရန် နိုင်ငံ၊ အဖွဲ့အစည်းအချို့မှ စီစဉ်ဆောင်ရွက်နေမှု အခြေအနေ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရအချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)