ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နှစ်နိုင်ငံနယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများ ပိုမိုထိရောက်စွာ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေး

နေပြည်တော်၊ စက်တင်ဘာ ၂၂

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် အဖွဲ့သည် ကူမင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့်အတူ ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Zhong Wei Horizon ဟိုတယ်အစည်းအဝေး ခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေး ဌာနကြီးမှူး ညွှန်ကြားရေးမှူးချုပ် Mr. Hu Xiaoming၊ ယူနန်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယဌာနမှူး Mr. Jia Dong နှင့်အဖွဲ့ကို လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ် Mr. Hu Xiaoming နှင့် ဒုတိယဌာနမှူး Mr. Jia Dong တို့က တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုနှင့် နယ်စပ်နေ ပြည်သူများ အပြန်အလှန် ကူးလူးဆက်ဆံ သွားလာနေမှု ၊ ယူနန် ပြည်နယ် ရွှေလီ-မူဆယ် ဒေသတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် နှစ်နိုင်ငံတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့မှု၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးနှင့် တရားဝင် ဝင်ထွက်သွားလာနိုင်ရေးအတွက် ယူနန်ပြည် နယ် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် မူဆယ်ဘက်မှ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေမှု၊ တရုတ်နိုင်ငံ၏ ရပ်ဝန်း တစ်ခု၊ လမ်းကြောင်းတစ်သွယ်စီမံချက်တွင် ယူနန်ပြည်နယ်၏ အရေးပါမှုအခြေအနေ၊ နှစ်နိုင်ငံ နယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပြည်ဝင်/ပြည်ထွက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးအတွက် နှစ်ဘက်အပြန်အလှန် သတင်းအချက်အလက်များ မျှဝေနိုင်ရေး အခြေအနေ များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ-တရုတ် နှစ်နိုင်ငံအနေဖြင့် ကဏ္ဍပေါင်းစုံ၌ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ၊ ကိုဗစ်-၁၉ ကာလနောက်ပိုင်း နှစ်နိုင်ငံ နယ်စပ်စစ်ဆေးရေး ဂိတ်များ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် မူဆယ်- ရွှေလီဂိတ်မှ မြန်မာနှင့်တရုတ်နိုင်ငံသားများ နိုင်ငံကူးလက်မှတ် (Passport) ဖြင့် ဖြတ်သန်းသွားလာခွင့် ဆောင်ရွက်မည့်အခြေအနေ၊ မြန်မာ-တရုတ် နယ်စပ်စစ်ဆေးရေးဂိတ်များကို နှစ်နိုင်ငံပြည်သူများ စိတ်အေးချမ်းသာစွာ ကူးလူးဖြတ်သန်း၍ စီးပွားရေး၊ လူမှုရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ဒေသလုံခြုံရေးနှင့် တရားမဝင် ဝင်ထွက်မှုမရှိစေရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် အွန်လိုင်းဖြင့် လောင်းကစားမှုများ မရှိစေရေး အတွက် အလေးဂရုပြုဆောင်ရွက်နိုင်ရေးအခြေအနေ၊ မြန်မာနိုင်ငံနှင့်နယ်နိမိတ် ရှည်လျားစွာထိစပ်နေ သည့် ယူနန်ပြည်နယ်နှင့်ပူးပေါင်းကာ နှစ်နိုင်ငံနယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများ ပိုမိုထိရောက်စွာ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)