ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ယာယီ ရွှေ့ပြောင်းနေထိုင်သူ များအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးမှု လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် မတ် ၂၈

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့ သို့သွားရောက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပျော်ဘွယ်မြို့ နယ်အတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူများကို သက်ဆိုင်ရာမြို့နယ် (၅)ဦး ကော်မတီ အဖွဲ့ဝင်များက လိုအပ်သည့်အချက်အလက်များ စိစစ်မေးမြန်းအတည်ပြု ဆောင်ရွက်နေမှု၊ (၅) ဦးကော်မတီ၏ ထောက်ခံချက်အရ မြို့နယ်ရုံးဝန်ထမ်းများက လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက် အလက်များ သတ်မှတ်ပုံစံများတွင် ဖြည့်သွင်းဆောင်ရွက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနေမှုနှင့် ဒေသခံပြည်သူ များကို နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေး လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက အချက်အလက်များ မှန်ကန်စေရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်သွင်းဆောင်ရွက်ရေး၊ ၎င်းတို့၏အချက် အလက်များအား e-ID Server ရှိ အချက်အလက်များနှင့် စနစ်တကျတိုက်ဆိုင် စိစစ်ဆောင်ရွက်ရေး မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံသားကတ်ပြားထုတ်ပေးပြီးသူများ အား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) တစ်ပါတည်းကောက်ယူ၍ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများကို လုပ်ငန်းဆောင်ရွက်ပေးမှုအပေါ် တွေ့ကြုံရသည့်အခက်အခဲများကို မေးမြန်းဆွေးနွေး၍ ရင်းရင်း နှီးနှီးနှုတ်ဆက်အားပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးရာတွင် ပျော်ဘွယ်မြို့နယ်အတွင်း၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ( ၂၅ ) စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၈၇) ကတ်ထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံသားကတ်ပြားရရှိပြီးသူများကို တစ်ပါတည်း တစ်နေရာတည်းတွင် e-ID စနစ် အတွက် Biometric ကောက်ယူခဲ့သည်။ 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမသို့ရောက်ရှိရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း က ခရိုင်၏ နယ်မြေဒေသအခြေအနေနှင့် ခရိုင်အတွင်းမြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှု၊ ပန်းခင်း စီမံချက်နှင့် Biometric ကောက်ယူရေးလုပ်ငန်းဆောင်ရွက်မှုနှင့် သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယခုနှစ် အောက်တိုဘာ (၁)ရက်မှ (၁၅)ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေး အတွက် ကြိုးပမ်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းများအောင်မြင်ရေးအတွက် ဌာနဆိုင်ရာအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးနိုင်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။ 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းခရိုင်ဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရမည်းသင်းမြို့နယ် ဦးစီးမှူးရုံး၌ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူ၊ လဲလှယ်လျှောက်ထားသူ ဒေသခံပြည်သူများကို ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် စိစစ်ဆောင်ရွက်ပေးနေမှု၊ ယင်းသို့ဆောင်ရွက်ပြီးပါက e-ID စနစ်အတွက် Biographic/ Biometric ကောက်ယူခြင်းလုပ်ငန်းကို တစ်ပါတည်း ဆောင်ရွက်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုကာ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ဦးစီးမှူးရုံးမှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင် များ စနစ်တကျသိမ်းဆည်းထားရှိမှု၊ ရုံးချုပ်ရှိ e-ID Server မှ အချက်အလက်များနှင့် တိုက်ဆိုင် စိစစ်ဖြည့်သွင်းနေမှုနှင့် ရုံးအဆောက်အဦအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ခရိုင်ဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများကိုတွေ့ဆုံကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းခရိုင်ဧည့်ရိပ်သာ၌ဝန်ထမ်းများနှင့်အတူ နေ့လည်စာကို လက်ရည်တစ်ပြင်တည်းအတူတကွသုံးဆောင်ခဲ့ပြီး ဝန်ထမ်းစားရိပ်သာအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်