ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ပြည်ထောင်စုနယ်မြေနေပြည်တော် ပျဉ်းမနားခရိုင်အတွင်း သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ပြည်သူလူထုအသိပညာပေး Bill Board စိုက်ထူဖွင့်လှစ်ပွဲတက်ရောက်

နေပြည်တော် ဇူလိုင် ၄

 

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပြည်သူများ သိရှိနားလည် ပူးပေါင်းပါဝင်လာစေရေးအတွက် ပြည်သူလူထုအသိပညာပေး လုပ်ငန်းတစ်ရပ်ဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ Bill Board များကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ခရိုင်အလိုက် မြို့ကြီးများ၏ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများတွင် စိုက်ထူဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ပျဉ်းမနားခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ အသိပညာပေး Bill Board စိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီခွဲက ပျဉ်းမနားမြို့နယ် မြို့တွင်းလမ်းဆုံ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ် သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဘင်ခရာနှင့်ပန်းပွားအကအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်၊၊

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘင်ခရာနှင့် ပန်းပွားအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်၍ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ခရီးသွားပြည်သူများအား သန်းခေါင်စာရင်းဆိုင်ရာ အထောက်အကူပစ္စည်းများနှင့် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို လာမည့် အောက်တိုဘာ (၁)ရက်မှ (၁၅)ရက်အတွင်း ကောက်ယူမည်ဖြစ်ရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အတွင်း ပြည်သူလူထုအသိပညာပေး Bill Board များကို ဥတ္တရသီရိ၊ ဇေယျာသီရိ၊ လယ်ဝေးနှင့် ပျဉ်းမနားခရိုင်များအတွင်း မြို့ကြီးများ၏ လူစည်ကားရာနေရာများတွင် စိုက်ထူဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်