ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ကျိုင်းတုံစိုက်ပျိုးရေးသုတေသနခြံအတွင်း သီးနှံမျိုးများအလိုက် စမ်းသပ်စိုက်ပျိုးထားရှိမှုများနှင့် သုတေသနစိုက်ကွင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၃

 

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မေ ၁၂ ရက် မွန်းလွဲပိုင်းက ကျိုင်းတုံစိုက်ပျိုးရေး သုတေသနခြံအတွင်း  သီးနှံမျိုးများအလိုက် စမ်းသပ် စိုက်ပျိုးထား ရှိမှုများနှင့် သုတေသနစိုက်ကွင်းများကို ကြည့်ရှုစစ်ဆေးအားပေးသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဒေသရေမြေရာသီဥတု သဘာဝအရင်းအမြစ်များ ထိန်းသိမ်းနိုင်မည့် စိုက်ပျိုးနည်းစနစ်များ ဖော်ထုတ်ဆောင်ရွက်ရန်၊ သုတေသနရလဒ်များအပေါ်အခြေခံ၍ တောင်သူအကျိုးအမြတ် အများဆုံးရနိုင်မည့်သီးနှံများ ရွေးချယ်စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ တောင်သူအသိပညာပေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ရန် ဆွေးနွေး မှာကြားပြီး သုတေသနစခန်းအတွင်း တစ်နှစ်(၃)သီး စမ်းသပ်စိုက်ပျိုးနိုင်ရေးအတွက် ဆိုလာရေတင် စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်နိုင်ရန် စီမံပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံစိုက်ပျိုးရေး သုတေသနခြံအတွင်း ဒေသနှင့်ကိုက်ညီသည့် ပြည်တွင်းပြည်ပ သစ်သီးမျိုးများ စမ်းသပ်စိုက်ပျိုး လေ့လာနေမှုများ၊ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ပေးနိုင်ရေးနှင့် စိုက်ပျိုးသူတောင်သူများ အကျိုးအမြတ်များစေမည့် ကိုင်းကူးနည်းဖြင့် ကိုင်းကူး ကိုင်းဆက် ပျိုးပင်များထုတ်လုပ်နေမှုများကို ကြည့်ရှုအားပေးပြီး သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)