ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်  လူမှုဖူလုံရေးအဖွဲ့၏  အမျိုးသားအဆင့်  လူမှုဖူလုံရေး အဖွဲ့အစည်းအဝေး (၁/၂၀၂၃) တက်ရောက်

နေပြည်တော်   စက်တင်ဘာ ၂၂

 

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၃)ကို ယနေ့နံနက်၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဝင် အစိုးရကိုယ်စားလှယ် များ တက်ရောက်ကြပြီး၊ အလုပ်ရှင်/ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Online မှ တက်ရောက်ကြသည်။

 

 

ဉီးစွာ ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးစီမံကိန်းအပေါ် အလုပ်ရှင်၊ အလုပ်သမားများ အားကိုး ယုံကြည်မှု ပိုမိုရရှိစေရန်နှင့် ပိုမိုကောင်းမွန်သည့် လူမှုရေးရလဒ်များ ပေါ်ထွန်းစေရန် မျှော်မှန်းကာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်ပါဝင်သည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ကို ဖွဲ့စည်းပြီး သုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်၍ အာမခံအလုပ် သမားများအတွက် ထိရောက်ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ အလွယ်တကူ လက်လှမ်းမှီရယူနိုင်ရန်နှင့် လူမှုဖူလုံရေးအကျိုး ခံစားခွင့် များကို ဥပဒေနှင့်အညီ အမြန်ဆုံးပေးအပ်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် လူမှုဖူလုံရေးစီမံကိန်းကို အကျုံးဝင်မြို့နယ် (၁၂၂) မြို့နယ်ရှိ အလုပ်ဌာနများမှ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမား (၁ ဒသမ၂၅) သန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုး ခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း။

 

အာမခံအလုပ်သမားများအား ပိုမိုထိရောက်ကောင်းမွန်ပြီး အလွယ်တကူ လက်လှမ်းမီသည့် ကျန်းမာရေး ဝန်ဆောင်မှုများ ရရှိနိုင်ရန်အတွက် နိုင်ငံတကာ၌ လူမှုကျန်းမာရေးအာမခံစနစ် (Social Health Insurance) အရ ဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များကို လေ့လာကာ Provider Purchaser Split (PPS) စနစ်အရ ပုဂ္ဂလိကဆေးခန်း၊ ဆေးရုံများနှင့် စာချုပ်ချုပ်ဆို၍ Capitation Payment ဖြင့် ဆေးခန်း (၂၆) ခန်း၊ Fee for Service Payment ဖြင့် ဆေးခန်း (၂၀) ခန်း တို့ကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ‌ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ လူမှုဖူလုံရေးအဖွဲ့မှ အာမခံအလုပ်သမားလူနာ (၂ ဒသမ ၂၉) သန်းကျော်ကို ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ခဲ့ကြောင်း။

 

ထို့အပြင် လူမှုဖူလုံရေးအဖွဲ့၌ အကျုံးဝင်အာမခံအလုပ်သမားဦး‌ရေ၏ ၅၀ ရာနှုန်းကျော်ခန့်သည် အမျိုးသမီး အာမခံအလုပ်သမားများဖြစ်သည့်အတွက် မီးဖွားခြင်းဆိုင်ရာဝန်ဆောင်မှု အကျိုးခံစားခွင့်များကို ခွင့်ပြုပေးနိုင်ရန် ဆေးဘိုးပြန်အမ်းမှုဆိုင်ရာ ညွှန်ကြားချက်များထုတ်ပြန်၍ ဆေးဖိုးကုန်ကျမှုများ ပြန်လည်ပေးအမ်းလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ‌ဧပြီလမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ အာမခံအမျိုး သမီးအလုပ်သမား (၁၁,၃၁၄) ဦးအတွက် ငွေကျပ်သန်း (၁,၂၉၅ဒသမ၇၇၇)သန်း ခွင့်ပြု ထုတ်ပေးနိုင် ခဲ့ပြီးဖြစ်သည့်အပြင် မြို့နယ်လူမှုဖူလုံရေးရုံးများသို့ ဥပဒေအရ အာမခံအလုပ်သမားများက တင်ပြလာ သည့် အကျိုးခံစားခွင့်အမှုတွဲများကို အချိန်နှင့်တစ်ပြေးညီ ခွင့်ပြုထုတ်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ ငွေကျပ်သန်း (၅၄,၄၄၃ဒသမ၅၀၁) ကို ခွင့်ပြု ထုတ်ပေး ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တက်ရောက်လာကြသည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များက လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ မှတ်တမ်းတင်ရန် အမှာစာများနှင့်ပတ်သက်၍ ဆွေးနွေးသုံးသပ်အကြံပြုကြပြီး အစည်းအဝေးဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများအတွက် ယခုထက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်စေရန်နှင့် လက်ရှိအကျုံးဝင် လွှမ်းခြုံမှုမှသည် တစ်မျိုးသားလုံး အကျုံးဝင်လွှမ်းခြုံနိုင်သည့် စီမံကိန်းဖြစ်စေရန် အိမ်နီး ချင်းနိုင်ငံများ တွင် ကျင့်သုံးသည့် လူမှုဖူလုံရေးစနစ်များနှင့် နှိုင်းယှဉ်လေ့လာသုံးသပ်မှုများ ပြုလုပ်၍ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်သွားကြရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)