ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် လယ်ယာသုံး စက်ကိရိယာများ အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးနှင့် လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး စနစ်တကျစီမံဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြား

နေပြည်တော် ဇွန်  ၂၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ဇွန် ၂၂ ရက် နံနက်ပိုင်းက ပြင်ဦးလွင် ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန သို့ရောက်ရှိပြီး ပိုးစာပင်စိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်း၊ ပိုးရောဂါစစ်ဆေးခြင်းနှင့် သုတေသန လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒိုးကွင်ဥယျာဉ်ခြံ၌ ဆေးဘက်ဝင်သစ်ခွနှင့် ရှားပါးသစ်ခွမျိုးများ မျိုးထိန်း၊ မျိုးပွား ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုပြီး တန်ဖိုးမြှင့် သစ်ခွမျိုးသစ်များ မျိုးပွားထုတ်လုပ်နိုင်ရေးနှင့် သစ်ခွစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးလာရေး အားပေးဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ အောင်မြေသာစံမြို့နယ်ရှိ မွေးမြူရေးသုတေသနဦးစီးဌာန မွေးမြူရေး သုတေသနစခန်း(မန္တလေး)သို့ ရောက်ရှိကြပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

ဆက်လက်၍ ပြည်ကြီးတံခွန်မြို့နယ်ရှိ လယ်ယာသုံးစက်ကိရိယာ အရည်အသွေး စမ်းသပ်စစ်ဆေးရေးဌာန၏ လယ်ယာသုံး စက်ကိရိယာအမျိုးမျိုး အရည်အသွေး စမ်းသပ်စစ်ဆေးခြင်း၊ ထွန်စက်နှင့် ရိတ်သိမ်းခြွေလှေ့စက်များ၏ စွမ်းဆောင်ချက် အရည်အသွေးနှင့် တိကျမှန်ကန်စွာ ဆောင်ရွက်နိုင်မှု၊ စက်ကိရိယာများ၏ ဘေးကင်းလုံခြုံမှုနှင့် ရေရှည်အသုံးခံနိုင်မှု ရှိ/မရှိ သိရှိနိုင်ရေး စစ်ဆေးတိုင်းတာခြင်း လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ် ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ဒေသအစိုးရများ၏ ကြီးကြပ်မှုဖြင့် ဌာနပိုင် လယ်ယာသုံး စက်ကိရိယာများ အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးနှင့် လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျစီမံဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် နတ်ရေကန် ငါးလုပ်ငန်းစခန်း ငါးသားပေါက်ထုတ်လုပ်မှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကြပြီး ဒေသခံ ငါးမွေးတောင်သူများ လိုအပ်သော ငါးသားပေါက်ထုတ်လုပ်မှုနှင့် ဘဏ္ဍာနှစ်အလိုက် ဆောင် ရွက်လျက်ရှိသည့် ငါးမျိုးစိုက်ထည့်ခြင်းအတွက် ကျန်းမာသန်စွမ်းသော ငါးသားပေါက်များ ထုတ်လုပ်မှု လျာထားချက်ပြည့်မီရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည်မြို့ရှိ မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ(အင်းကုန်း)သို့ ရောက်ရှိပြီး လယ်ယာသုံးစက်ကိရိယာများ ပြန်လည်ထုတ်လုပ် ဆောင်ရွက်နိုင်မည့် အခြေအနေ၊ လက်တွန်းထွန်စက် တပ်ဆင်ရေးအလုပ်ရုံနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အမှာစာရင်း ပေးပို့ထားသည့် မျိုးစေ့ချကိရိယာများ ထုတ်လုပ်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး စက်ရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်