ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ပေါင်းလောင်း ရေလှောင်တမံ ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့် ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင်  ပုဗ္ဗသီရိမြို့နယ် စက်စက်ယိုဆည်ရေသောက်ဧရိယာတွင် ပုဂ္ဂလိကမျိုးစေ့ ထုတ်ကုမ္ပဏီက ဆောင်ရွက်လျက်ရှိသည့် ဝါနှင့် နှမ်းသီးနှံ မျိုးစေ့ထုတ် စိုက်ကွင်း၏ ဖြစ်ထွန်းအောင်မြင်နေမှုနှင့် မျိုးစေ့သန့်စင်ထုပ်ပိုးခြင်းလုပ်ငန်းများကို ကြည့်ရှုစစ် ဆေးပြီး မျိုးစေ့ထုတ်လုပ်ငန်းမှ ရင်းနှီးမြုပ်နှံမှုနှင့်ထိုက်တန်သည့် ပုဂ္ဂလိကအကျိုးအမြတ် ရရှိရေး နှင့် တောင်သူ့ အကျိုးဖြစ်ထွန်းရေးအတွက် မျှတစွာစီမံဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်ရှိ ပေါင်း လောင်းရေလှောင်တမံ ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူများက စီမံကိန်း အဆင့် လိုက်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှု၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးမြောက် စေရန် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ တမံနှင့် ရေပိုလွှဲကို စောင့်ကြည့် ထိန်း ချုပ်ခြင်းကို နေပြည်တော်ရုံးချုပ်မှ တိုက်ရိုက်ဆောင်ရွက်နိုင်ရန်နှင့် တမံတွင် အလှည့်ကျ တာဝန် ချထားဆောင်ရွက်မည့် အစီအမံများကို  ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့် ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်းကို သတ်မှတ်ကာလ အတွင်း အရည်အသွေးပြည့်ဝစွာ ဆောင်ရွက် ပြီးစီးရေး ၊ တမံအတွင်း ရေသိုလှောင်မှုနှင့် ရေအား လျှပ်စစ်ထုတ်ယူခြင်းလုပ်ငန်း အချိတ် အဆက်မိမိ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး (HED) တပ်ဆင်သည့် အင်ဂျင်နီယာ ပညာရှင်အဖွဲ့အတွက်  စားသောက်ဖွယ်ရာများ ပေးအပ်သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၏ ညှိနှိုင်းအဆိုပြုချက်အရ နှစ်စဉ်ရေအားလျှပ်စစ်ယူနစ်(၉၁၁)သန်း ထုတ်လုပ်လျက်ရှိ သည့် ပေါင်းလောင်းတမံ၏ ရေပိုလွှဲတွင် အလျား (၁၄ဝ ဒသမ ၅) မီတာ၊ (၁ ဒသမ ၅) မီတာအမြင့် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ပြီး မူလကန်ရေပြည့်ရေလှောင်ပမာဏ (၅ ဒသမ ၄၉) သိန်း ဧကပေမှ (၅ ဒသမ ၇၀)သိန်းဧကပေအထိ ရေလှောင်ပမာဏ ဧကပေ(၂၁၀၀၀)ခန့် ပိုမို သိုလှောင် ၍ နှစ်စဉ် ယူနစ်(၈)သန်း ပိုမိုထုတ်လုပ်ကာ စုစုပေါင်း ရေအားလျှပ်စစ် ယူနစ်(၉၁၉)သန်း ထုတ်လုပ်နိုင်ရေးအတွက် ယခုစီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စီမံကိန်း လုပ်ငန်း အားလုံး ပြီးစီးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျည်တောင်ကန်ကျေးရွာအုပ်စုတွင် မိုးစပါးစိုက်ပျိုးနေကြသည့် တောင်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဆည်ရေ သောက်ဧရိယာပြင်ပရှိ စိုက်ပျိုးမြေများတွင် ဆောင်းသီးနှံအောင်မြင်စွာ စိုက်ပျိုးနိုင်ရေး အတွက် မြေအောက်ရေကို နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် ထုတ်ယူအသုံးပြုနိုင် ရေးအတွက် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်