ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ(၃)ရုံနှင့် အလုပ်သမား ဆေးရုံကြီး(ထန်းတပင်)၌ အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော်   မေ ၃၁

 

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝါးတစ်ရာစက်မှုဇုန်ရှိ Very Impressive Prospect Co., Ltd အားကစားပစ္စည်း ထုတ်လုပ်သည့်စက်ရုံနှင့် သာဓုကန်စက်မှုဇုန်ရှိ Myanmar Pou Chen Co., Ltd ဖိနပ်ချုပ်စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူများက ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် အလုပ်သမားရေးရာညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေမှုနှင့် အလုပ်သမားများ၏ သက်သာချောင်ချိရေး ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြ ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် MSME လုပ်ငန်းတွင် အဓိကလိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)ထူထောင်၍ ဘဏ္ဍာနှစ်အလိုက် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးခြင်း၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်စေရေးတို့အတွက် စက်ရုံ၊ အလုပ်ရုံ များတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဖွဲ့စည်းခြင်း၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အာမခံအလုပ်သမားများကို သက်ဆိုင်ရာ အာမခံစနစ်အလိုက် အကျိုး ခံစားခွင့်များ ရရှိခံစားစေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

စက်ရုံ၊ အလုပ်ရုံများတွင် ကုန်ထုတ်စွမ်းအား တိုးတက်စေရန် အလုပ်ရှင်နှင့် အလုပ်သမားလုပ်ငန်းခွင် ဆက်ဆံရေးကောင်းမွန်ရန် လိုအပ်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် တည်ဆဲအလုပ်သမား ဥပဒေများကို လေးစားလိုက်နာရန်နှင့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ရင်းနှီးပွင့်လင်းစွာ ပြောကြားရန်နှင့် အေးချမ်းသာယာသော လုပ်ငန်းခွင်များဖြစ်အောင် ဖန်တီး ဆောင်ရွက်ကြရန်မှာကြားပြီး ပြည်ထောင်စုဝန်ကြီးသည် Myanmar Pou Chen Co., Ltd ဖိနပ် ချုပ်စက်ရုံမှ အလုပ်သမားများနှင့်အတူ နေ့လယ်စာကို သုံးဆောင်သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံကြီးသို့ သွားရောက်၍ အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေကို ကြည့်ရှု စစ်ဆေးသည်။

 

ထိုသို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမား များ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံ အလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမား များ၏ အဓိကလိုအပ်ချက်ဖြစ်သောကောင်းမွန်သည့် ဆေးကုသမှုဝန် ဆောင်မှုကို ပေးအပ်နိုင်ရန်နှင့် ယခုထက် ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးနိုင်ရန်မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ လှိုင်သာယာစက်မှုဇုန်ရှိ Sioen Myanmar Co., Ltd အထည်ချုပ်စက်ရုံသို့ သွားရောက်ကြည့်ရှု့စစ်ဆေးပြီး လုပ်ငန်းခွင် ထိခိုက်မှုများဖြစ်ပွားမှု မရှိစေရေး၊ မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ စက်ရုံများတွင်ဖြစ်ပွား နိုင်သည့် ဘေးအန္တရာယ်များနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အလေးထားလိုက်နာ ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)