ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သွင်းကုန်နှင့်ပို့ကုန် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု ညီလာခံနှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

ရန်ကုန် စက်တင်ဘာ ၁၃

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ကျင်းပမည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု (Belt and Road Initiative - BRI) တွင် ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့် ပို့ကုန် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု ညီလာခံနှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့တက်ရောက်ရန် ယနေ့တွင် ရန်ကုန်မြို့မှတရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။ 

 

ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ စီမံကိန်းဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု (Belt and Road Initiative - BRI) တွင် ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့်ပို့ကုန် အစားအစာဘေး အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု ညီလာခံနှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲများသို့ သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ကြောင်း၊ ညီလာခံတွင် မြန်မာနိုင်ငံ၏ သဘာဝရေပြင်မှ ဖမ်းဆီးရရှိသည့် ရေထွက်ကုန်ပစ္စည်းနှင့် မွေးမြူရေး ရေထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့ရေးဆိုင်ရာ SPS သဘောတူစာချုပ်များ ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်