ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ  (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝူရှူးပြိုင်ပွဲ ကြည့်ရှုအားပေး

နေပြည်တော် စက်တင်ဘာ ၂၆

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများ ကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ဆက်လက်ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် အုပ်ချုပ်မှုအဖွဲ့ တာဝန်ရှိသူများသည် ယနေ့ ဒေသစံတော်ချိန် နံနက် (၁၀)နာရီတွင် ဟန်ကျိုးမြို့ရှိ Xiaoshan Guali Sports Center အားကစားရုံ၌ ကျင်းပသည့် ဝူရှူးအားကစားနည်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မအေးသစ္စာမြင့်က နန်းချွမ်(ခေါ်)တောင်ပိုင်း လက်သိုင်းပြိုင်ပွဲနှင့် နန်းသောင်း(ခေါ်)တောင်ပိုင်းဓါးသိုင်းပြိုင်ပွဲတို့တွင် ဝင်ရောက် ယှဉ်ပြိုင်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

 

လင်အန်းမြို့ရှိ Lin’an Sports Culture & Exhibition အားကစားရုံတွင် ကျင်းပသည့် တိုက်ကွမ်ဒို အားကစားနည်း(အတိုက်)ပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်၌ မြန်မာနိုင်ငံမှ မမိုးမြင့်မြတ်က (-53 kg)တန်းတွင် ထိုင်းနိုင်ငံကို ပထမအချီတွင် (0:12)မှတ်ဖြင့်လည်းကောင်း၊ ဒုတိယအချီတွင် (2:13)မှတ်ဖြင့်လည်းကောင်း ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာ ၂၇ ရက်တွင် မြန်မာနိုင်ငံမှ မစန္ဒီဦးက ဝူရှူးအားကစားနည်း ကျန့်စု(ခေါ်) နှစ်ဖက်သွားဓါးနှင့် ချန်းစု(ခေါ်)လှံရှည်ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)