ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး “ဒီဂျစ်တယ်အခြေပြု မြန်မာ့အေအိုင်ခေတ်ဆီသို့” စကားဝိုင်း ဆွေးနွေးပွဲတက်ရောက်

 

နေပြည်တော် ဇွန် ၂၄

 

“ဒီဂျစ်တယ်အခြေပြု မြန်မာ့အေအိုင်ခေတ်ဆီသို့” စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက မြန်မာ့အေအိုင်ခေတ်ဆီသို့ လျှောက်လှမ်းရန်အတွက် ပထမဆုံး အနေနှင့် "AI Localization" ဟုခေါ်သည့် AI ကို မြန်မာမှုပြုရန်လိုပါကြောင်း၊ Developer များ၊ ကုမ္ပဏီများသာမက အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ တောင်သူ လယ်သမားများ၊ ကျောင်းသားများမှစ၍ နေ့စဉ်ဘဝတွင် AI နည်းပညာကိုလက်လှမ်းမီစွာ၊ အကျိုးရှိစွာ အသုံးချတတ်လာအောင် ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံသားများ၏ Digital Literacy၊ Digital Maturity နှင့် AI Literacy၊ AI Maturity ဖွံ့ဖြိုးလာစေရန် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တက္ကသိုလ်များ၊ နည်းပညာရှင်များသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက မြန်မာ့ AI ခေတ်သည် ရွှေရောင်လွှမ်းလာမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် “ဒီဂျစ်တယ်အခြေပြု မြန်မာ့အေအိုင်ခေတ်ဆီသို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေါက်တာ တင်ဖုန်းကျော်က ဆောင်ရွက်၍ ဦးအောင်နိုင်ဦး၊ ဒေါက်တာဆန်းဆုဆုရည်၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ ဒေါ်ခင်အေးဝင်း၊ ဒေါက်တာဇော်လင်းတို့က ပါဝင်ဆွေးနွေးခြင်း၊ တက်ရောက်လာသည့် ကိုယ်စားလှယ်များနှင့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည့် အချက်အလက်များအား မေးမြန်း ဆွေးနွေးခြင်းတို့ဆောင်ရွက်ပြီး ဆွေးနွေးသည့်အချက်များအပေါ်တွင် ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင် က ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်