ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း အထက်ပေါင်းလောင်း နှင့် နန်ချို ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ ရေသိုလှောင်ထားရှိမှုနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၂၇

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ အထက် ပေါင်းလောင်းနှင့် နန်ချိုရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများ၏ ရေသိုလှောင်ထားရှိမှု နှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်း နိုင်ငံတော် ဓာတ်အားစနစ်သို့ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးနေမှု၊ တာဘိုင်စက် ခန်းအတွင်း စက်များမောင်းနှင်နေမှု၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင် ထားရှိမှုနှင့် ရေယူအဆောက်အအုံ၊ ရေပိုလွှဲ၊ RCC ကွန်ကရစ်တမံကြံ့ခိုင်မှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထက်ပေါင်းလောင်း ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ ရှင်းလင်းဆောင်၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပြည်ထောင် စုဝန်ကြီးက လာမည့်နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား စွမ်းအားပြည့်ထုတ်လုပ်နိုင် ရန်အတွက် လက်ရှိအခြေအနေတွင် စက်များရပ်ပြီး ရေစုဆောင်းနေသောကြောင့် တစ်ချိန် တည်း တစ်ပြိုင်တည်း စက်များနှင့် ရေလှောင်တမံများ၏ ပြင်ဆင်ရေး၊ ကြံ့ခိုင်ရေးတို့ကို ဟန်ချက်ညီ ပြုလုပ်သွားရန် လိုအပ်ပါကြောင်း၊ စက်များစွမ်းအားပြည့် မောင်းနှင်ချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် ချို့ယွင်းပါက အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်နိုင်ရေး အလေးထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အထက်ပေါင်းလောင်းသို့သွားသည့် ကွန်ကရစ် လမ်းနှင့် ကျောက်ခင်းလမ်းများကို ရာသီမရွေးသွားလာနိုင်အောင် မပျက်စီးစေရေး ထိန်းသိမ်းစောင့်ရှောက် ပြုပြင်သွားရန် လိုအပ်ပါကြောင်းမှာကြားပြီး ဝန်ထမ်းများအား ချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ကာ ဝန်ထမ်းများနှင့် နေ့လယ်စာ အတူသုံးဆောင်သည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ၏ ရေထိန်းတမံနှင့် ရေယူအဆောက်အအုံသို့ ရောက်ရှိပြီး ရေဝင်ရောက်မှု၊ ရေသို လှောင်ထားရှိမှု၊ ရေထိန်းကန်အတွင်း ရေဝင်ရောက်မှုအခြေအနေများနှင့် ဓာတ်အားပေး စက်ရုံသို့ ဖိအားမြင့် သံမဏိပိုက်လိုင်းဖြင့် ရေပို့လွှတ်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။ 

ဆက်လက်၍ ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်း များအတွင်း ဓာတ်အားပေးစက်များမောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြား၍ ဝန်ထမ်းများကို ချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်