ရန်ကုန် နိုဝင်ဘာ ၂၀

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ကျောက်တန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ သီလဝါသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ပြန်လည်ပြုပြင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်မည့် အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက Combine Cycle Power Plant အဖြစ်တိုးချဲ့ရန် လျာထားဆောင်ရွက်ရေး၊ ဓာတ်အားပေးစက်များအား အချိန်မရွေး မောင်းနှင်နိုင်ရန်အတွက် အရန်စက်သုံးဆီများ ကြိုတင်စုဆောင်းထားရှိရေး မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် သီလဝါအထူးစီးပွားရေး နယ်မြေအတွင်း အသစ်ထပ်မံ တည်ဆောက်မည့် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံ လျာထားမြေနေရာကို သွားရောက် ကြည့်ရှုပြီး မြေပိုင်ဆိုင်မှုရရှိရေးနှင့် စီမံကိန်းအမြန်ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင် ရွက်သွားရန် မှာကြားသည်။

 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သာကေတမြို့နယ်ရှိ သာကေတ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံနှင့် အင်းစိန်မြို့နယ်ရှိ ရွာမသဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံတို့ရှိ ဓာတ်အားပေးစက်များ ပြန်လည်ပြုပြင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်မည့် အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အရေးပေါ် ဓာတ်အားဖြန့်ဖြူး ပေးရမည့်အချိန်များတွင် ဓာတ်အားပေးစက်များ မောင်းနှင်၍ စက်စွမ်းအားပြည့် ဓာတ်အားထုတ်လုပ်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရန်၊ ကုန်ကျစရိတ် သက်သာပြီး အချိန်ကာလတိုအတွင်း စက်စွမ်းရည်ပြည့် ဓာတ်အား ထုတ်လုပ်နိုင်ရေး လေ့လာသုံးသပ် ဆောင်ရွက်သွားရန်၊ စက်များအဆင့်မြှင့်တင် ပြင်ဆင်ခြင်းများ ပြုလုပ်ရန်အတွက် လေ့လာမှုများကို ကြိုတင်ဆောင်ရွက်ရန်၊ စက်ရုံများ အဆင့်မြှင့်တင်ပြီးပါက ထပ်မံလိုအပ်မည့် ဓာတ်အားလိုင်း အဝင်/အထွက်များကိုလည်း ကြိုတင်လျာထား ဆောင်ရွက်ရန်၊ ဆက်လက်သုံးစွဲရန် မသင့်တော့သည် ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန် မှာကြားသည်။ 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ရွာမဓာတ်အားပေးစက်ရုံသို့ ရောက်ရှိစဉ် စက်ရုံ ဧရိယာအတွင်း လှိုင်မြစ်ကမ်းပါး မြေပြိုကျမှုမရှိစေရေး မြစ်ကမ်းပါး မြေထိန်းနံရံတည် ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုပြီး မြစ်ရေစီးကြောင်းနှင့် သတ်မှတ် ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရေးမှာကြားသည်။ 

ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ကလည်း အလုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ အလုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံအား သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဓာတ်အားပေးစက်များ ပြန်လည်ပြုပြင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ မှာကြားကာ ဓာတ်အားပေး စက်များကို လိုက်လံစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်