ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)- စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်း အပြီးသတ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 


နေပြည်တော် ဒီဇင်ဘာ  ၁၇

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန တောင်ငူပင်မ ဓာတ်အားခွဲရုံအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ)- စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်းအပြီးသတ် ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် တောင်ငူပင်မဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေ တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်း အပြီးသတ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်း ခွင်သို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ဓာတ်အားလိုင်း အပြီးသတ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု ဝန်အား (၁၅၀)မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်၍ ဝန်အားလျော့ခြင်း ဆောင်ရွက်ထားရသည့်အတွက်  သတ်မှတ်ထားသည့်အချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး တက်ညီလက်ညီဖြင့် အားလုံးဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်း ပြည့်မီရေးနှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေး စနစ်တကျဂရုပြုဆောင်ရွက်သွားရန်နှင့် ဓာတ်အားလိုင်းအနီး ပတ်ဝန်းကျင်ရှိ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ၊ ချုံနွယ်များအား ရှင်းလင်း ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဓာတ်အားလိုင်းတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဝန်ထမ်းများကို ဂုဏ်ပြုသစ်သီးခြင်းများ ပေးအပ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ငူပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားထိန်းချုပ် ခန်းအတွင်း လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် Switch Yard အတွင်း ဓာတ်အားလိုင်း အဝင်/အထွက်ပြုလုပ်နိုင်ရေး Switch Bay များ တိုးချဲ့တပ်ဆင် တည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားခွဲရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များမှာကြားပြီး ဝန်ထမ်းများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။

 

အဆိုပါ ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်း တည်ဆောက်ရခြင်းသည် လက်ရှိအခြေအနေတွင် ရွှေလီနှင့်ရဲရွာရေအားလျှပ်စစ်စက်ရုံများမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အားများ ကို ၂၃၀ကေဗွီ ဘဲလင်း-သပြေဝ ဓာတ်အားလိုင်းဖြင့် ၂၃၀ကေဗွီ သပြေဝခွဲရုံမှတဆင့် ၂၃၀ကေဗွီ သပြေဝ-တောင်တွင်းကြီး ဓာတ်အားလိုင်းနှင့် ၂၃၀ကေဗွီ သပြေဝ-သာစည်-ရွှေမြို့-ပျဉ်းမနား-သဲဖြူ-တောင်ငူ ဓာတ်အားလိုင်းတို့ဖြင့် ရန်ကုန်မြို့နှင့်တကွ မြန်မာပြည်တောင်ပိုင်းဒေသများသို့ လျှပ်စစ် ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိရာ ၂၃၀ ကေဗွီ သပြေဝ-တောင်တွင်းကြီးလိုင်းနှင့် ၂၃၀ကေဗွီ သပြေဝ-သာစည်-ရွှေမြို့-ပျဉ်းမနား-သဲဖြူ-တောင်ငူ ဓာတ်အားလိုင်းတို့တွင် ဝန်အားစီးဆင်းမှု အကန့် အသတ်ရှိသဖြင့် System Break Down မဖြစ်စေရေး ဓာတ်အားစနစ်အတွင်း ဝန်အားစီးဆင်းမှုကို ထိန်းညှိ၍ ပို့လွှတ် ခဲ့ရသည်။

 

ယခုအခါ ၂၃၀ကေဗွီ သပြေဝ(မိတ္ထီလာ)မှ ၅၀၀ကေဗွီ ကံကောင်း(မိတ္ထီလာ) ဓာတ်အားခွဲရုံသို့ ၂၃၀ကေဗွီ ဓာတ်အားလိုင်း (၁၄)မိုင် တည်ဆောက်ခြင်း၊ ၅၀၀ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်း (၁၄၆)မိုင် တည်ဆောက်ခြင်းနှင့် ၅၀၀ကေဗွီ စပါးကြွယ်(တောင်ငူ) ဓာတ်အား ခွဲရုံမှ ၂၃၀ကေဗွီ တောင်ငူခွဲရုံအထိ ၂၃၀ကေဗွီ ဓာတ်အားလိုင်း(၁၀)မိုင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသဖြင့်  တောင်ငူပင်မဓာတ်အားခွဲရုံတွင် ၂၃၀ကေဗွီ စပါးကြွယ်-တောင်ငူ ဓာတ်အားလိုင်း ချိတ်ဆက်နိုင်ရေး အတွက် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းအင်အား(၃၂၅)ဦးဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

 

ယခုလုပ်ငန်းများ ဆောင်ရွက်နေသည့် ၂၃၀ကေဗွီ စပါးကြွယ်-တောင်ငူ ဓာတ်အားလိုင်း ဆောင်ရွက်ပြီးစီးပါက သပြေဝပင်မဓာတ်အားခွဲရုံမှ တောင်ငူပင်မဓာတ်အားခွဲရုံသို့ ၂၃၀ ကေဗွီ ဓာတ်အားကို တိုက်ရိုက်ချိတ်ဆက်ပို့လွှတ်နိုင်မည်ဖြစ်သဖြင့် ယခင်က ဓာတ်အားထိန်းညှိ ပို့လွှတ်ခဲ့ရသည့် ၂၃၀ကေဗွီ သပြေဝ-တောင်တွင်းကြီးဓာတ်အားလိုင်းနှင့် သပြေဝ-သာစည်-ပျဉ်းမနား-သဲဖြူ-တောင်ငူ ဓာတ်အားလိုင်းတို့အား လျှပ်စစ်ဝန်အားထိန်းညှိပို့လွှတ်စရာ မလို အပ်တော့ဘဲ ရွှေလီနှင့် ရဲရွာရေအားစက်ရုံမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို တောင်ငူ ခွဲရုံမှတဆင့် ရန်ကုန်မြို့နှင့်တကွ မြန်မာပြည်တောင်ပိုင်းဒေသများသို့ ဓာတ်အားပြည့်ဝစွာ ပို့လွှတ်ဖြန့်ဖြူးပေးနိုင် မည့်အပြင် ဓာတ်အားလိုင်းတွင် ဖြစ်ပေါ်နေသည့် ဓာတ်အားပျောက်ဆုံးမှုများလည်း လျော့နည်း သက်သာသွားမည်ဖြစ်သဖြင့် ပြည်သူများသို့ လျှပ်စစ်ဓာတ်အားပိုမို ပို့လွှတ်ဖြန့်ဖြူးပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)