ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာ လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်   ဒီဇင်ဘာ  ၂၄

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန်သည် ဧရာဝတီတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊    ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ    ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း    လျှပ်စစ်ကဏ္ဍ ဆိုင်ရာလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ  ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့တို့သည် ပုသိမ်မြို့  စက်မှုစီမံကိန်း ရှိ    စက်မှုဆိပ်ကမ်းသို့​ရောက်ရှိရာ   ပြည်ထောင်စု ဝန်ကြီးက ယခုအချိန်ကာလတွင် မီးသုံးစွဲသူ ပြည်သူများအား  ရရှိသည့်လျှပ်စစ်ဓာတ်အားကို  မျှတစွာ သုံးစွဲရရှိရေး ခွဲဝေစီမံဆောင်ရွက်နေ သကဲ့သို့ စက်မှုဇုန်များကိုလည်း သတ်မှတ်ချိန်များအတိုင်း မျှတစွာ သုံးစွဲနိုင်ရန် စီမံဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ အဆောက်အအုံများ၏ ခေါင်မိုးများပေါ်တွင်လည်းကောင်း၊ မြေပေါ်တွင်လည်းကောင်း နေရောင်ခြည် စွမ်းအင်သုံး    လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် လုပ်ငန်းခွင်များ အသုံးမပြုသည့်အချိန်တွင် ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို ဝန်ကြီးဌာနမှ ဝယ်ယူနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နည်းပညာအရ လိုအပ်ချက်များရှိပါကလည်း ဝန်ကြီးဌာန အနေဖြင့် ဝိုင်းဝန်းကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောင်းမြမြို့နယ် ညောင်ချောင်းလေးကျေးရွာ အနီးရှိ SSBE Myanmar Group Co.,Ltd. ၏ စပါးခွံနှင့် အခြားသီးနှံစွန့်ပစ်ပစ္စည်းများဖြင့် လောင်စာတောင့် ထုတ်လုပ်မည့် တည်ဆောက်နေသော စီမံကိန်းသို့ ရောက်ရှိပြီး      ပြည်ထောင်စု ဝန်ကြီးက စပါးခွံနှင့် အခြားသီးနှံစွန့်ပစ်ပစ္စည်းများကို    အသုံးပြုပြီး လောင်စာတောင့်ထုတ်လုပ် သော    စီမံကိန်းတွင် စီမံကိန်း၏ ရည်မှန်းချက်ဖြစ်သော လျှပ်စစ်ဓာတ်အား ၅ မဂ္ဂါဝပ်ထွက်အောင်  ဆောင်ရွက်မည်ကို  သိရှိရသဖြင့် မိမိတို့အနေဖြင့် လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စက်ရုံမှ လူမှုရေးတာဝန်သိမှု လုပ်ငန်းအနေဖြင့် ပတ်ဝန်းကျင် ကျေးရွာများသို့   ကျောင်း၊  ဆေးပေးခန်း၊  လမ်းများ တည်ဆောက်ပေးသည်ကိုသိရ၍ အထူးကျေးဇူးတင်ရှိကြောင်း၊ အလားတူ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် လျှပ်စစ်မီးရရှိရေး အဓိကကျသဖြင့် ပတ်ဝန်းကျင်ရှိ ကျေးရွာခုနစ်ရွာကို လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ နောင်တွင် ပိုလျှံလာပါက ဓာတ်အားစနစ်သို့လည်းချိတ်ဆက်၍   ရောင်းချနိုင်ရေး  စီမံဆောင်ရွက်သွားရန်  လိုအပ်ကြောင်း မှာကြားပြီး စီမံကိန်းဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောင်းမြမြို့နယ်ရှိ မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက်၏ စပါးခွံ လောင်စာသုံး  လျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း စက်များတပ်ဆင်ထားသည့် အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး    သတ်မှတ်ကာလတွင်   လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန် လိုအပ်​ကြောင်း မှာကြားကြောင်း သိရသည်။

သတင်းစဉ်