ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် မကွေးမြို့အနီးရှိ ၁၂၀ မဂ္ဂါဝပ် ထုတ်လုပ် နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဧပြီ ၁

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မကွေး တိုင်းဒေသကြီး၊ မကွေးမြို့အနီးရှိ ၁၂၀ မဂ္ဂါဝပ် ထုတ်လုပ် နိုင်သည့် နေရောင် ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid)ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။ 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန် ရှိသူများသည် မကွေးမြို့အနီးရှိ ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ်သုံး(Solar+Gas Engine Hybrid) ဓာတ်အားပေးစက်ရုံ စီမံကိန်းသို့ ရောက်ရှိရာ ကုမ္ပဏီတာဝန်ရှိသူများက စီမံကိန်းဆိုင်ရာအချက်အလက်များနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။ 

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ရက်များတွင် လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ရမည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ကျ နေသည်များရှိ၍ ယခုတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ပြီး ထပ်မံသတ်မှတ် ထားသည့်ရက်များတွင် လျှပ်စစ်မီးထုတ်လုပ်နိုင်ရန်လိုအပ်ပါကြောင်း၊ ယင်းသို့ထုတ်လုပ် နိုင် ရန်အတွက် ရောက်ရန်ကျန် စက်ပစ္စည်းများကိုလည်း အမြန်ဆုံးရောက်ရှိအောင်ဆောင် ရွက်ရန်လိုအပ်ပါကြောင်း၊ တစ်ချိန်တည်း တစ်ပြိုင်တည်း လုပ်ဆောင်ရမည့် ကိစ္စရပ်များကို အရှိန်အဟုန်နှင့်ဟန်ချက်ညီဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဆောင်ရွက် ရာတွင်လည်း သတ်မှတ်အရည်အသွေးပြည့်မီစေရန်နှင့် အခက်အခဲများရှိပါက ဝန်ကြီးဌာနသို့ ချက်ချင်း တင်ပြဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားမည် ဖြစ်ပါကြောင်း၊ သတ်မှတ်ထားရှိသည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် နေရောင်ခြည်စွမ်းအင် နှင့် သဘာဝဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ်သုံး(Solar+Gas Engine Hybrid)  စက်ရုံမှ သတ်မှတ် ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း မှာကြားပြီး စီမံကိန်း လုပ်ငန်းခွင်အတွင်း မြေပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊  Engine Foundation လုပ်ငန်း များဆောင်ရွက်နေမှု၊ ဓာတ်အားပေးစက်များ ရောက်ရှိနေမှု၊ Construction Power တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက် နေမှုနှင့် စီမံကိန်းအဝင်လမ်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ 

အဆိုပါ ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid) ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သပြေစမ်းကျေးရွာအနီးရှိ မြေဧရိယာ (၄၉၀) ဧကပေါ်တွင် တည်ဆောက်လျက်ရှိပြီး စက်တပ်ဆင်အင်အားမှာ ၁၂၀ မဂ္ဂါဝပ်ဖြစ်ကာ စီမံကိန်းတစ်ခုလုံးပြီးစီးပါက ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီ မကွေးပင်မ ဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးသွားမည် ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသ ကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံ ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။    

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက  မကွေးတိုင်းဒေသကြီးအတွင်း အသေးစား ရေအား အရင်း အမြစ်များရှိ၍ စူးစမ်း လိုသည်များ ရှိပါကလည်း ဝန်ကြီးဌာနအနေဖြင့် ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ထို့ပြင် စက်မှုဇုန်များ အပါအဝင် ပုဂ္ဂလိက လုပ်ငန်း ရှင်များအနေဖြင့် Roof-Top Solar များ ပြုလုပ်၍ အသုံးမပြုသောအချိန်များတွင် ပြန်လည် ၍ရောင်းချနိုင်ပါကြောင်း၊ ဆောင်ရွက်ရန် နည်းပညာအရ လိုအပ်သည်များ ရှိပါကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် အသင့်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားရာတွင် မကွေးတိုင်းဒေသကြီး အနေဖြင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားများ ထပ်မံထုတ်လုပ်နိုင်ရန် စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တည်ဆောက်ဆဲ၊ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများကိုလည်း လုံခြုံရေးအား အလေးထား၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။  

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများက တိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေး၊ လျှပ်စစ်ဓာတ်အားခကြွေး ကျန်များ တိုးတက်ရရှိစေရေး၊ စီမံကိန်းလုပ်ငန်းများ အမြန်ဆုံး အကောင်အထည် ဖော် ဆောင်ရွက် နိုင်ရေးနှင့် အချိန်မီပြီးစီးနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည့် အ ခြေအနေတို့နှင့်ပတ်သက်၍အကြံပြုဆွေးနွေးတင်ပြကြပြီး တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်