ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ဒေါက်တာမျိုးသိန်းကျော်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ  Rosatom မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Spasskiy Nikolay ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား  လက်ခံတွေ့ဆုံ

 

နေပြည်တော်    ဇွန်    ၂၈

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးသောင်းဟန်နှင့်  သိပ္ပံနှင့်   နည်းပညာဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူ  စွမ်းအင်ကော်ပိုရေးရှင်း (Russian State Atomic Energy   Cooperation   “Rosatom”)   မှ   ဒုတိယ ညွှန်ကြားရေးမှူးချုပ်   Mr.  Spasskiy    Nikolay ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် ရန်ကုန်မြို့ရှိ ရန်ကုန်နည်းပညာတက္ကသိုလ်၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosatom တို့ လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ ဆောင်ရွက်ခဲ့သော အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ    စီမံကိန်း အကြိုဖြစ်မြောက် နိုင်စွမ်းလေ့လာမှုအစီရင်ခံစာကို   Rosatom    မှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ ပေးအပ်သည်။

 

ထို့ပြင် နျူကလီးယား အခြေခံအဆောက်အအုံ အကဲဖြတ်ခြင်းနှင့် မြှင့်တင်ခြင်းကဏ္ဍအတွက် နားလည်မှုစာချွန်လွှာ (Memorandum of Under-standing in the field of Nuclear Infrastructure assemment  and  enhancement)  ကို  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် Rosatom တို့အကြား လက်မှတ်ရေးထိုးကြသည်။

 

ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက Rosatom မှ တာဝန်ရှိသူများနှင့်  ထပ်မံတွေ့ဆုံ၍ ရေအား၊ လေအားနှင့် အပူစွမ်းအင်သုံး  ဓာတ်အားပေးစက်ရုံ စီမံကိန်းဆိုင်ရာ ကိစ္စရပ်များကို‌ဆွေးနွေးသည်။

 

ထိုသို့ဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးအတွက်  နားလည်မှုစာချွန်လွှာ  (MoU)  ကို  ၂၀၂၂ ခုနှစ် နိုဝင်ဘာလက လက်မှတ်ရေးထိုးခဲ့ပြီး  အကြိုဖြစ်မြောက်နိုင်စွမ်း             လေ့လာဆန်းစစ်မှု အစီရင်ခံစာ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မှုအတွက်  ကျေးဇူးတင်ရှိကြောင်း၊ လမ်းပြမြေပုံ (Road Map) ပါဖော်ပြချက်များအတိုင်း ဆက်လက်ဆောင်ရွက်ရမည့်    လုပ်ငန်းစဉ်များကို  ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ကိုယုံကြည်ကြောင်း၊ လျှပ်စစ်ကဏ္ဍအတွက် ရုရှား-မြန်မာ  ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန်    စိန့်ပီတာစဘတ်စ်၌    ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်အတွင်း ဇွန်  ၁၅  ရက်က လေအား လျှပ်စစ်စီမံကိန်းများအတွက် နားလည်မှုစာချွန်လွှာ များ ရေးထိုးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ရေအားလျှပ်စစ် နှင့်  အခြားအရင်းအမြစ်များမှ  လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာအကူအညီများ ရရှိနိုင်ရေးကို   ကူညီပံ့ပိုး  ဆောင်ရွက်သွားမည်ဖြစ် သဖြင့်    မြန်မာပြည်သူလူထု၏     လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သဖြင့်     ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

 

ထို့နောက် Rosatom မှ ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခွင့် ရရှိသဖြင့်ဂုဏ်ယူမိကြောင်း၊ ဆက်လက်၍  အပူစွမ်းအင်သုံး စီမံကိန်းများနှင့်    အခြားစီမံကိန်းလုပ်ငန်းများအတွက် Rosatom မှ ပိုမိုရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိကြောင်း၊    MoU    ရေးထိုးပြီးသော လေအားလျှပ်စစ်စီမံကိန်းများအတွက် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းလုပ်ငန်းကိုတတ်နိုင် သမျှ     ပူးပေါင်းကူညီဆောင်ရွက်သွားမည်  ဖြစ်ကြောင်း၊ အလားအလာကောင်းများစွာ ပိုင်ဆိုင်သည့်  မြန်မာနိုင်ငံတွင်    Rosatom   ၏  အခန်းကဏ္ဍကို ပိုမိုမြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် Rosatom မှ တာဝန်ရှိသူများက  ပါဝါပွိုင့်ဖြင့် စီမံကိန်းလုပ်ငန်းများအတွက် ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။

 

ညပိုင်းတွင် Rosatom မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။                                

သတင်းစဉ်