ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး 

နေပြည်တော် ဇန်နဝါရီ ၃၀


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက် ၁၀ နာရီတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။ 

တွေ့ဆုံစဉ် ရုရှား-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့သည့် (၇၅) နှစ်မြောက်ကာလအတွင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ရေရှည်လက်တွဲဆောင်ရွက်ခဲ့မှု အကျိုးရလဒ်အဖြစ် ကဏ္ဍ ပေါင်းစုံအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှ ယခင်ကာလများကပင် ကူညီပူးပေါင်းဆောင်ရွက်ခဲ့မှု၊ နှစ် နိုင်ငံအကြီးအကဲများအကြား ဆွေးနွေးဆောင်ရွက်ခဲ့မှုနှင့် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့ သည့် အခြေအနေ၊ ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့စဉ် ကာလအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို လေ့လာခဲ့မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေမှု။ 

မြန်မာနိုင်ငံတွင်ရှိသော ရေအားလျှပ်စစ်နှင့် လေအားလျှပ်စစ်စသည့် အရင်းအမြစ်များကို အသုံးပြု၍ စွမ်းအင်အရင်းအမြစ်မျိုးစုံမှ စီမံကိန်းများ ပူးပေါင်းဆောင်ရွက် နိုင်မည့်အခြေအနေ၊ လျာထားစီမံကိန်းနေရာများသို့ စူးစမ်းလေ့လာရေး သွားရောက်နိုင်မည့် အခြေအနေ၊ မြန်မာနိုင်ငံတွင် မကြာမီကာလအတွင်း တွင်ကျယ်စွာ အသုံးပြုလာနိုင်မည့် လျှပ်စစ်မော်တော်ယာဉ်သုံး လီသီယံဘတ္ထရီ ထုတ်လုပ်ရေးစက်ရုံများတွင် ရုရှားကုမ္ပဏီများမှ ပါဝင်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်မည့် အခြေအနေ၊ လျှပ်စစ်ကဏ္ဍဆိုင်ရာ စီမံကိန်းများတွင် မြန်မာနိုင်ငံမှ ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရောင်းချရေးတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပုံစံများနှင့် ဘဏ္ဍာရေး ဆိုင်ရာဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးနှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်ဆောင်ရွက်ရေးအသင်း မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်