ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေးထူထောင်မှု (၇၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထိုင်းရိုးရာသင်္ကြန်ပွဲတော် (Songkran) အခမ်းအနားတက်ရောက် အားပေး

ရန်ကုန်၊ ဧပြီ ၅

မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေးထူထောင်မှု (၇၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထိုင်းရိုးရာသင်္ကြန်ပွဲတော် (Songkran) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်း ဒဂုံမြို့နယ်ရှိ ထိုင်းသံအမတ်ကြီး နေအိမ်၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ ခေမာရာမဘုန်းတော်ကြီးကျောင်း ပဓာနနာယက ဆရာတော်ကြီးအမှူးပြုသည့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံ အမတ်ကြီး H.E.Mr. Mongkol Visitstump နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ကမ္ဘောဒီယားနိုင်ငံ သံအမတ်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံသံရုံးများမှ သံတမန်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ခေမာရာမဘုန်းကြီးကျောင်း ပဓာနနာယက ဆရာတော်ထံမှ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ချီးမြှင့်သည့် ပရိတ်တရားတော်များကို နာယူကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးနှင့် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ခေမာရာမဘုန်းကြီးကျောင်း ပဓာနနာယက ဆရာတော်ထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ထိုင်းသံအမတ်ကြီးနှင့် တာဝန်ရှိသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ရေသပ္ပာယ်ကာ ဒင်္ဂါးများကပ်လှူပူဇော်ကြပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေး ထူထောင်မှု (၇၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြသထားသော ထိုင်းရိုးရာ အစားအစာဆိုင်ခန်းများ၊ သဲပုံစေတီနှင့် ပိုက်ကျော်ခြင်း သရုပ်ပြကစားနေမှုတို့ကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ထိုင်းရိုးရာသင်္ကြန်ပွဲတော် (SongKran) အခမ်းအနားကို ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ထိုင်းသံအမတ်ကြီး၊ တရုတ်သံအမတ်ကြီး၊ ကမ္ဘောဒီးယားသံအမတ်ကြီးနှင့် တာဝန်ရှိသူများကို မြန်မာနိုင်ငံတွင် ရောက်ရှိနေကြသည့် ထိုင်းနိုင်ငံသားများက ထိုင်းရိုးရာသင်္ကြန်ရေအေးဖြင့် အပြန်အလှန်ပက်ဖျန်းပေးကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးက "မြနန္ဒာ" သီချင်းဖြင့် သီဆိုပြီး ထိုင်းရိုးရာယဉ်ကျေးမှုအဖွဲ့က တွဲဖက်ကပြဖျော်ဖြေ တင်ဆက်မှုကိုလည်းကောင်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ထိုင်းဘာသာသင်ကြားနေသော မြန်မာကျောင်းသူများက ထိုင်းရိုးရာအကဖြင့် ကပြဖျော်ဖြေမှုကိုလည်းကောင်း၊ ထိုင်းနိုင်ငံမှ အဆိုတော်က ထိုင်းတေးသီချင်းများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်မှုကို ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး ပြည်ထောင်စုဝန်ကြီးက ကပြဖျော်ဖြေခဲ့သူများကို ဂုဏ်ပြုပန်းစည်းလက်ဆောင် ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ကို ထိုင်းသံအမတ်ကြီးနှင့် ဇနီးတို့က ဂုဏ်ပြုနေ့လယ်စာဖြင့် တည့်ခင်းဧည့်ခံပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု (၇၅)နှစ်ပြည့် အထိမ်းအမှတ်ဖြစ်သည့် ထိုင်းရိုးရာသင်္ကြန်ပွဲတော် (SongKran) အခမ်းအနားသည် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို ပြသသကဲ့သို့ နှစ်နိုင်ငံအကြား လူမှု၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်သွားနိုင်မည်ဖြစ်သည်။

သတင်းစဉ်