ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဆန်စပါးကဏ္ဍနှင့် ပဲ၊ ပြောင်း၊ နှမ်းကဏ္ဍ ပြည်ပတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၆

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပန်းပဲတန်းမြို့နယ်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆန်စပါးကဏ္ဍနှင့် ပဲ၊ ပြောင်း၊ နှမ်းကဏ္ဍ ပြည်ပတင်ပို့မှုတိုးတက်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေးသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ဆန်စပါးကဏ္ဍ ပြည်ပတင်ပို့မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု၊ ကြိတ်ခွဲပြုပြင်ခြင်းလုပ်ငန်းမှသည် ဖြန့်ဖြူးရောင်းချသည်အထိ ထုတ်လုပ်မှုတန်ဖိုးကွင်းဆက်(Supply Chain)တစ်လျှောက် ဟန်ချက်ညီညီဆောင်ရွက်ရေး၊ စပါးများကို ခေတ်မီနည်းပညာများဖြင့် ကြိတ်ခွဲထုတ်လုပ်ပြီး အရည်သွေးမြှင့် ဆန်များအား သတ်မှတ်လျာထားချက်ထက်ကျော်လွန်အောင် ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေး၊ ပြည်ပဈေးကွက်ပိုမို ရရှိအောင်ဆောင်ရွက်ရေး၊ ပဲမျိုးစုံနှင့်ပြောင်းပြည်ပဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် အသင့်ပြုပြင်ထုတ်လုပ်၍ ဈေးကွက်ချဲ့ထွင်တင်ပို့နိုင်ရေး၊ ပြည်တွင်းကောက်ပဲသီးနှံဈေးကွက် တည်ငြိမ်စေရေး၊ နှမ်းဆီနှင့်မြေပဲဆီကို ပြည်တွင်းစားသုံးမှုဖူလုံစေရေးတို့အတွက် စိုက်ပျိုးထုတ်လုပ်သည့်တောင်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေး၊ ဆန်နှင့်ပဲမျိုးစုံ၊ ပြောင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ပဈေးကွက်ပိုမိုရရှိရေး၊ မျှတသည့်ကုန်သွယ်မှု၊ မှန်ကန်သည့် ကုန်သွယ်မှုဖြစ်ပေါ်စေရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးဆောင်ရွက်သွားရန်နှင့် တရားမဝင်တင်ပို့တင်သွင်းမှုမရှိစေရေး အစိုးရနှင့်လုပ်ငန်းရှင်များ ပူးပေါင်းတားဆီးဆောင်ရွက်ရေး မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဌများ၊ မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများက ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးကိစ္စနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးကဒေသတွင်း နိုင်ငံများနှင့်သာမက နိုင်ငံတကာနှင့်ပူးပေါင်း၍ ကုန်သွယ်မှုတိုးချဲ့ရေး ဆောင်ရွက်ရန်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်