နေပြည်တော်၊ မတ် ၂၁

နီပေါ-မြန်မာ ကုန်သွယ်မှုနှင့် ခရီးသွားလာမှုပြပွဲ အခမ်းအနားကိုယနေ့တွင် ရန်ကုန်မြို့၊ Lotte ဟိုတယ်၌ ကျင်းပသည်။   

 

ဉီးစွာပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ယခုကျင်းပသည့် နီပေါ-မြန်မာ ကုန်သွယ်မှုနှင့် ခရီးသွားလာမှု ပြပွဲသည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု ၆၅ နှစ်မြောက် အထိမ်းအမှတ်နှင့်လည်း တိုက်ဆိုင် နေပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား ကုန်သွယ်မှု ယခုထက်ပိုမိုတိုးတက်နိုင်ရေးအတွက် အပြန်အလှန် ကုန်သွယ်မှုပြုလုပ်ရန် အလားအလာရှိသည့် ကုန်စည်အမယ်များအား ဖော်ထုတ်၍ အတူတကွပူးပေါင်း ဆောင်ရွက်သွားလိုပါကြောင်း၊ နီပေါနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှုတို့ တူညီသည့်နိုင်ငံများဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုကဏ္ဍအပြင် ခရီးသွားကဏ္ဍကိုလည်း မြှင့်တင်ဆောင်ရွက်သွားလိုပါကြောင်း၊ နှစ်နိုင်ငံ အစိုးရအချင်းချင်းသာမက ပုဂ္ဂလိကလုပ်ငန်းရှင်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကိုလည်း တိုးမြှင့်သွားရမည် ဖြစ်ပါ ကြောင်း၊ နီပေါ-မြန်မာနှစ်နိုင်ငံအကြား ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်ပြပွဲများ အပြန်အလှန်ကျင်းပနိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက်် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းတို့က အမှာစကားများ ပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကုန်စည်ပြပွဲတွင် နှစ်နိုင်ငံမှ ပါဝင်ပြသလျက်ရှိသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုကာ ညစာစားပွဲအခမ်းအနားသို့ တက်ရောက် ကြသည်။

 

အဆိုပါပြပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် စီးပွားရေးရာဝန်ကြီး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အဖွဲ့ဝင်များ၊ နီပေါစက်မှုလက်မှု ကုန်သည်ကြီးအသင်းဥက္ကဋ္ဌနှင့် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ အသင်းအဖွဲ့ -ကုမ္ပဏီ (၃၀)နှင့် နီပေါနိုင်ငံမှ ကုမ္ပဏီ (၁၆)ခုတို့က ပြခန်းများ ခင်းကျင်းပြသကြပြီး ပြပွဲကို မတ် ၂၂ ရက်အထိ ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)