နေပြည်တော် ဇူလိုင် ၁
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Mangement - AHA Centre) ၊ အမှုဆောင်ဒါရိုက်တာ မစ္စတာလီယန်မင်းနှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရေး AHA Centre ၏ ကြိုးပမ်းဆောင်ရွက်ချက်များအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး အမှန်တကယ် အကူအညီလိုအပ်နေသည့် မြန်မာပြည်သူများထံ အကူအညီများ ထိရောက်လျင်မြန်စွာ ရောက်ရှိရေးအတွက် မြန်မာနိုင်ငံအစိုးရနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် မြန်မာနိုင်ငံ၏ ဦးစားပေးလိုအပ်ချက်နှင့် ကိုက်ညီမှုရှိစေရန်အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီးမှုနှင့် AHA Centre နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို အကြံပြုခဲ့ပြီး AHA Centre ၏ လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။
မစ္စတာလီယန်မင်းက AHA Centre မှတစ်ဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံအစိုးရ၏ ပံ့ပိုးမှုနှင့် ကူညီဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး AHA Centre က ရှေ့ဆက်ဆောင်ရွက်မည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
သတင်းစဉ်


