ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey အား လက်ခံတွေ့ဆုံ
နေပြည်တော် ဇွန် ၂၂
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey အား ယနေ့မွန်းလွဲ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဘင်းမ်စတက်လုပ်ငန်းစဉ်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ အထူးသဖြင့် စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေးကဏ္ဍ၊ ဒေသတွင်းလုံခြုံရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ကဏ္ဍနှင့် ဆက်သွယ်ချိတ်ဆက်ရေးကဏ္ဍတို့တွင် မြန်မာနိုင်ငံအနေဖြင့် တက်ကြွစွာပူးပေါင်း ဆောင်ရွက်နေမှု၊ ဘင်းမ်စတက်၏ ပြင်ပမိတ်ဖက်များနှင့်ဆက်ဆံရေးတွင် အဖွဲ့ကြီး၏ အခြေခံမူများကို လေးစားလိုက်နာရေး၊ ၂၀၂၇ ခုနှစ်၊ ဇွန် ၆ ရက်တွင် ကျရောက်မည့် ဘင်းမ်စတက် တည်ထောင်မှု နှစ် (၃၀) ပြည့်အတွက် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပသွားရေးနှင့် မြန်မာနှင့် ဘင်းမ်စတက်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
အတွင်းရေးမှူးချုပ်သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးတက်ရောက်ရန်အတွက် မြန်မာနိုင်ငံသို့ ပထမအကြိမ် ခရီးစဉ်လာရောက်ခဲ့ဖူးပြီး ယခုခရီးစဉ်သည် ၎င်း၏ ဒုတိယအကြိမ် ခရီးစဉ်ဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (Bay of Bengal Initiative for Multi-Sectoral Technical and Economic Coo-peration - BIMSTEC) ကို ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ဘင်းမ်စတက်ကို ဘင်္ဂလားပင်လယ်အော် ဒေသတွင်း နိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်း ထားခြင်းဖြစ်သည်။ ဘင်းမ်စတက်၏ လက်ရှိပူးပေါင်းဆောင်ရွက်မှုကဏ္ဍ (၇) ခုရှိသည့်အနက် မြန်မာနိုင်ငံ သည် “လယ်ယာစိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေးကဏ္ဍ” ၏ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်


