ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး မြစ်ကြီးနား၊ ဝိုင်းမော် စိုက်ပျိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်  မေ

 

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ဧပြီ ၃၀ ရက်က  ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နယ်နှင့် ဝိုင်းမော်မြို့နယ်များမှ တောင်သူများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်၍ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်ပြီး ဆွေးနွေးပြောကြားသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့်အဖွဲ့သည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်ရင်းတပ်ဖွဲ့များ၏ စိုက်ပျိုးရေးခြံများ၊ မွေးမြူရေးခြံများကို ကြည့်ရှုစစ်ဆေးကြပြီး မွေးမြူရေးတိရစ္ဆာန် ဆေးဝါးများကို ပြည်ထောင်စုဝန်ကြီးက ပေးအပ်ရာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး က လက်ခံရယူသည်။

 

ထို့နောက် ဝိုင်းမော်မြို့နယ် သစ်စိမ်းမြေဩဇာ ကြဲပက်စိုက်ပျိုးပွဲ ခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးက မြေဆီလွှာဖွံ့ဖြိုးရေးနှင့် သီးနှံပင်အာဟာရ ပြည့်ဝရေးအတွက် သစ်စိမ်းမြေဩဇာ၏ အကျိုးကျေးဇူးများကို ဒေသခံတောင်သူများကို ရှင်းလင်းပြောကြား၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်မျိုးစေ့များနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များကို ပေးအပ်ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်သူများနှင့်အတူ သစ်စိမ်းမြေဩဇာအဖြစ် ပိုက်ဆံလျှော်မျိုးစေ့များကို ကြဲပက် စိုက်ပျိုး ပေးခဲ့ကြသည်။

 

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရပ်ကွက်ရှိ စံပြလယ်ဧက (၁၀၀) ရေကြီးနစ်မြုပ်မှု သက်သာစေရန် ရေနုတ်မြောင်းတူးဖော်ခြင်း၊ မြောင်းပုံစံကျပြုပြင်ခြင်းနှင့် မြောင်းကူးတံတား (၂) စင်း တည်ဆောက်မှု လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးကြပြီး ပြည်ထောင်စုဝန်ကြီးက ယခု ဆောင်ရွက်လျက်ရှိသည့် ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းကို မိုးရာသီ ရေကြီးရေလျှံမှု သက်သာစေမည့် ရေနုတ်မြောင်းအဖြစ်သာမက ဆောင်းရာသီ နှင့် နွေရာသီအတွက် ဧရာဝတီ မြစ်ရေကို သွင်းယူနိုင်သည့် ရေသွင်းမြောင်းအဖြစ်ပါ အသုံးချနိုင်ရေး တပါတည်းဆောင်ရွက်ရန် နှင့် သီးထပ်စိုက်ပျိုးနိုင်ရေး သီးနှံစိုက်စွမ်းအား တိုးတက်ရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များ ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည်  မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာအနီးရှိ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံတွင် ဆောင်ရွက်လျက်ရှိသည့် ရော်ဘာသုတေသန လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကြပြီး ဒေသနေ ရော်ဘာတောင်သူများနှင့် တွေ့ဆုံကာ ကချင်ပြည်နယ်အတွင်း ရော်ဘာတိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် ဈေးကွက်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ မြစ်ကြီးနား ပိုးစာခြံ၏ ပိုးမွေးမြူရေးလုပ်ငန်းနှင့် တောင်သူနည်းပညာပေး လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ရိုးရာအဝတ် အထည်များတွင် အမြတ်တနိုး တန်ဖိုးထားသုံးစွဲသည့် ပိုးချည်ထုတ်လုပ်နိုင်ရေးအတွက် ပိုးမွေး တောင်သူများ တိုးပွားလာရေး၊ တစ်နှစ်ပတ်လုံး ပိုးစာပင်ဖြစ်ထွန်းသည့် ရာသီဥတု အခြေအနေရှိ၍ စီးပွားဖြစ် ထုတ်လုပ်သည့် ဒေသထွက်ကုန် တစ်ခုအဖြစ် တွန်းအားပေး ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိ သူများကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည်  ချမ်သစ်ခွ စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံ၏ ဖရစ်ရှန် နို့စားနွားမွေးမြူရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးကာ နို့စားနွား မွေးမြူရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် နို့နှင့်နို့ထွက်ပစ္စည်း တန်ဖိုးမြင့်ကုန်ချောများ ထုတ်လုပ်ရေး အားပေးပြောကြားပြီး မွေးမြူရေးသုံး ဆေးဝါးများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်