ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မုန်းချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ကြီးအုံကြီးဝရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ ကြည့်ရှုစစ်ဆေး 

နေပြည်တော်   ၁၉  မေ  


        
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မေ ၁၈ ရက်တွင် မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ မုန်းချောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ကြီးအုံကြီးဝရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံစက်ရုံမှူးများက ဓာတ်အားပေးစက်ရုံများဆိုင်ရာအချက်အလက်များ၊ နှစ်အလိုက်ဓာတ်အားထုတ်လုပ်မှု၊ ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှု၊ လက်ရှိရေ သိုလှောင်ထိန်းသိမ်းထားရှိမှုအခြေအနေ၊ နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ဓာတ်အား ဖြန့်ဖြူးပေးထားမှုအခြေအနေနှင့် ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မုန်းချောင်းဆည်နှင့် ကြီးအုံကြီးဝဆည်တို့သည် မုန်းချောင်းပေါ်တွင်တည်ဆောက်ထားခဲ့သော ဆည်များဖြစ်သည့်အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူပေးဝေလျက်ရှိသော နွေစပါး၊ မိုးစပါး စိုက်ပျိုးရေ ရရှိရေးတို့ကိုပါ တွဲဘက်အကောင်ထည်ဖော်ထားသည့် ဆည်များဖြစ်သည့်အလျှောက် မိမိတို့ဝန်ကြီးဌာန၏ လျှပ်စစ်မီးရရှိရေးအတွက် ဆည်ရေအားမောင်းနှင်ရသကဲ့သို့ စိုက်ပျိုးရေအား သတ်မှတ်ချိန်များ တွင် တောင်သူများရရှိရေး ဆောင်ရွက်ရမည်ဖြစ်၍ သက်ဆိုင်ရာဆည်မြောင်း ဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ပြည်သူလူထုထိခိုက်မှုမရှိစေရေးပူးပေါင်းဆောင်ရွက်ကြရန်၊ သတ်မှတ်သည့်အနိမ့်ဆုံးရေအမှတ်များသို့ ရောက်ရှိခါနီးအချိန်တွင် စက်များ၏မောင်းနှင်မှုကို ထိခိုက်မှုမရှိစေရေး နိုင်ငံတော်ဓာတ်အားစနစ်၏လိုအပ်ချက်အပေါ် ရုံးချုပ်၏ ထိန်းညှိမှုများအရ နည်းပညာ လုပ်ငန်းစဉ်များအတိုင်း စနစ်တကျမောင်းနှင်သွားကြရန်၊ စက်ရုံရေ ရှည်တည်တံ့ခိုင်မြဲရေးနှင့် စက်စွမ်းအားပြည့်မောင်းနှင်ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်အားပေးစက်များ ကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားကြရန်၊ ဓာတ်အားပေးစက်ရုံများသည် နိုင်ငံတော်အတွက် အရေးကြီးသည့်စက်ရုံကြီးများဖြစ်သည့်အတွက် စက်ရုံရေရည်တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။

 

ယင်းနောက် ဓာတ်အားပေးစက်ရုံများရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေးစက်များ မောင်းနှင်၍ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက်အဦနှင့် ရေပိုလွှဲတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

မုန်းချောင်းပေါ်ရှိ မုန်းချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် (၇၅)မဂ္ဂါဝပ်နှင့် ကြီးအုံကြီးဝရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် (၇၄)မဂ္ဂါဝပ်တို့ဖြင့် တည်ဆောက်ခဲ့သော်လည်း ရာသီဥတုပြင်းထန်သဖြင့် လက်ရှိကာလတွင် ရေလှောင်တမံများအတွင်း သိုလှောင်ရေ လက်ကျန်နည်းပါးလာသည့်အတွက် မုန်းချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ (၁၆)မဂ္ဂါဝပ်နှင့် ကြီးအုံကြီးဝရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံမှ(၁၄)မဂ္ဂါဝပ် နိုင်ငံတော်ဓာတ်အား စနစ်အတွင်းသို့ ထုတ်လုပ်ပေးပို့ လျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)