ပြည်ထောင်စုဝန်ကြီးများ ထိုင်းနိုင်ငံ၌ ပြုလုပ်သည့် အလွတ်သဘော ဆွေးနွေးပွဲသို့ တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၂၂

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တို့ ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်း၏ ဖိတ်ကြားချက်အရ  ဒီဇင်ဘာ ၂၂ ရက်တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်သည့် အလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။

အဆိုပါ အလွတ်သဘောဆွေးနွေးပွဲသို့ ကမ္ဘောဒီးယားနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရပ်ဆုတ်ခွန်း၊ လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆလုံးဆေးကိုမာဆစ်နှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ဒိုဟုန်ဗီယက်တို့ ခေါင်းဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံ၏ တူညီဆန္ဒ (၅) ချက်နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စ အပါအဝင် မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို ရှင်းလင်းပြောကြားပြီး မကြာမီက ထုတ်ပြန်ခဲ့သည့် တူညီဆန္ဒ (၅) ချက် အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်သည့် အာဆီယံ ခေါင်းဆောင်များ၏ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံ၏ ရပ်တည်ချက်တို့ကို တက်ရောက်လာသည့် ကိုယ်စားလှယ်များအား ရင်းနှီးပွင့်လင်းစွာ ရှင်းလင်း ပြောကြားခဲ့သည်။

အာဆီယံ၏ တူညီဆန္ဒ (၅) ချက် အကောင်အထည် ဖော်လျက်ရှိရာတွင် မြန်မာအစိုးရက တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေသည့်ကိစ္စ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စီးပွားရေး ပြန်လည်ဦးမော့လာစေရေး ဆောင်ရွက်နေသည့် ကိစ္စ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးလျက် ရှိသည့်ကိစ္စနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွတ်လပ်၍ တရားမျှတသည့် အထွေထွေ ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေသည့်ကိစ္စတို့ကို ပြောကြားခဲ့သည်။

ထို့ပြင် တူညီဆန္ဒ (၅) ချက် မူဘောင်အောက်မှ AHA Center နှင့် ပူးပေါင်းဆောင်ရွက်နေသည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို လိုအပ်သူအားလုံးထံ ရောက်ရှိရေးနှင့် ခွဲခြားမှုမရှိဘဲ တန်းတူညီမျှ ပေးအပ်သည့် ကိစ္စများတွင်လည်း မြန်မာနိုင်ငံလုပ်ငန်းအဖွဲ့မှ သက်ဆိုင်ရာ တာဝန်ရှိဌာနများနှင့် ပူးပေါင်းကာ ပံ့ပိုးပေးလျက်ရှိကြောင်းကိုလည်း မြန်မာကိုယ်စားလှယ်အဖွဲ့က ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာအစိုးရ၏ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည် ဖော်ဆောင်ရေးအတွက် ကြိုးပမ်းနေမှုများကို မတရားသင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG၊ PDF များက ပျက်စီးစေလိုသည့်ဆန္ဒဖြင့် အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်နေပြီး၊ ယင်းတို့၏ လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူများ၊ ရဟန်းသံဃာများနှင့် သီလရှင်များ၊ ဝန်ထမ်းများသေကြေခဲ့ပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဘဏ်၊ ဈေးများ အပါအဝင်နိုင်ငံပိုင်နှင့် ပြည်သူပိုင် အဆောက်အဦများ၊ လမ်း၊ တံတား၊ ပို့ဆောင်ဆက်သွယ်ရေးယာဉ်များ၊ လျှပ်စစ်တာဝါတိုင်များ ဖောက်ခွဲမီးရှို့ ဖျက်ဆီးခြင်းခံနေရကြောင်း၊ ယင်းအကြမ်းဖက် အဖွဲ့အစည်းများ၏ လုပ်ရပ်များသည် နိုင်ငံတကာဥပဒေနှင့် ဂျီနီဗာကွန်ဗင်းရှင်းကို ဖောက်ဖျက်နေသည့်အတွက် ဆက်သွယ်ဆောင်ရွက်ရန်မသင့်ကြောင်း၊ ထိုသို့ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသူများကို အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် အားပေးထောက်ခံခြင်း မပြုသင့်ကြောင်းကို မြန်မာကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့သည်။

ဆွေးနွေးပွဲနှင့်ဆက်စပ်လျက် မြန်မာ - ထိုင်းနှစ်နိုင်ငံဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှု -ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များနှင့်လည်းကောင်း သီးခြားအစီအစဉ်ဖြင့် ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်