ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ ဒုတိယအကြိမ် လုပ်ငန်း သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၈

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ ဒုတိယအကြိမ် လုပ်ငန်းသုံးသပ်ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး က ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် သက်ဆိုင်ရာဦးစီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများသည် ပြည်ထောင်စုရှေ့နေချုပ် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် တရားမျှတမှုအတွက် ဥပဒေဝန်ဆောင်မှုဟူသည့် မဟာဗျူဟာစီမံကိန်းပါ မူဝါဒများ နှင့်အညီ ဥပဒေဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကို ဥပဒေဝန်ဆောင်မှုပေးနေပါကြောင်း၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး ကဏ္ဍကြီး ၃ ရပ်စလုံးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့တွင် ဥပဒေရေးရာများ အထောက်အကူပြုခြင်းဖြင့် အရေးပါသော လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေသော အဖွဲ့အစည်းလည်း ဖြစ်ပါကြောင်း။

ယခုလို ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ စီမံအုပ်ချုပ်မှုနှင့် လုပ်ငန်းလည်ပတ်မှု ခိုင်မာအားကောင်းစေရေးအတွက် ဝန်ကြီးရုံးသည် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်၏ တိုက်ရိုက်ကြီးကြပ်မှုဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ဝန်ကြီးရုံးကို ဦးစီးရုံးဌာနခွဲ၊ ဌာနတွင်း စာရင်းစစ်နှင့် ဘဏ္ဍာရေး ဌာနခွဲ၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ၊ မူဝါဒ ဥပဒေလုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းများ စစ်ဆေး ရေးဌာနခွဲ၊ အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ၊ ပြည်တွင်း ပြည်ပ ဆက်ဆံရေး နှင့် သတင်းပြန်ကြားရေးဌာနခွဲတို့ဖြင့် ဖွဲ့စည်းထားသည့်အပြင် တရားလွှတ်တော်ရှေ့နေ           များကောင်စီ၏ ရုံးလုပ်ငန်းများကိုလည်း တာဝန်ယူဆောင်ရွက်နေကြောင်း၊ တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေအရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် သည် တရားလွှတ်တော်ရှေ့နေများ ကောင်စီဥက္ကဋ္ဌတာဝန်ကို ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရ၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာ မူဝါဒများ ပိုမိုခိုင်မာ အားကောင်းလာ စေရန် တရားမမှု၊ ပြစ်မှုများတွင် မျှတသော တရားစီရင်ရေးရရှိစေရန် ရည်ရွယ်ဆောင် ရွက်နေကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီး ဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ အစရှိသည့် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအား ဥပဒေ၊ နည်းဥပဒေများ၊ ကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွား ရေးသင်တန်း အမှတ်စဉ် (၁)နှင့် အမှတ်စဉ်(၂)တို့ကို ဖွင့်လှစ်နိုင်ခဲ့ ကြောင်း၊ သင်တန်းများကို ဆက်လက်ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေ သင်တန်းကျောင်း(Legal Advocacy Center)ကို ဖွင့်လှစ်တည်ထောင်နိုင်ရန် သင်တန်းကျောင်း စတင်တည်ဆောက်နေပြီဖြစ်ကြောင်း။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍ ၃ ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကသာ ကျင့်သုံးဆောင်ရွက် ခွင့်ရှိပြီး ပြည်နယ် တိုင်းဝန်ကြီးချုပ်များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုယ်စားဆောင်ရွက်ခြင်းသာဖြစ်၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ တင်ပြဆောင်ရွက်၍ လမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်သင့်ကြောင်း၊ တင်ပြတိုင်ကြားစာများအရ မြို့နယ်ဥပဒေရုံးများ၏ ဆောင်ရွက်ချက်နှင့် သက်ဆိုင်သည့်ကိစ္စက အများဆုံးဖြစ်ပါကြောင်း၊ တင်ပြစာ၊ တိုင်ကြားစာများအရ စိစစ ကြည့်ရှုသောအခါမှ မှားယွင်းသည်ကို တွေ့ရှိ၍ပြင်ဆင်ခဲ့ရသကဲ့သို့ မြို့နယ်ဥပဒေရုံး၏ အကြံပြုချက်ကို ပြင်ဆင်သည့်အတွက် တင်ပြ၊ တိုင်ကြား၍ စိစစ်ပြီး ပြင်ဆင်ခဲ့ သည်များလည်းရှိကြောင်း၊ စိစစ်ကြီးကြပ်ရန် တာဝန်ရှိသူများ၏ ပေါ့လျော့၊ လွဲမှားဆောင် ရွက်မှုကြောင့်ဖြစ်သည်ဟု သုံးသပ်နိုင်ကြောင်း၊ စိစစ်ကြီးကြပ်ရန် တာဝန်ရှိသူ အဆင့်ဆင့်က မှန်မှန်ကန်ကန်နှင့် ရာထူးအဆင့်နှင့်လျော်ညီသော တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများက ထိန်းကျောင်းတည့်မတ်ရန်လို ကြောင်း တိုက်တွန်းပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြပြီး ရုံးလုပ်ငန်း ကိစ္စများကို ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်