ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများတွင် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် ဆောင်ရွက်နေမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၂၆

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများတွင် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင် းအစီအစဉ် (Public Feedback Programme-PFP) အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၌ Virtual စနစ်ဖြင့် ကျင်းပရာ ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း(၁၂)ခုနှင့် ကော်မရှင်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

ညှိနှိုင်းအစည်းအဝေး၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပညာပေးရေးနှင့် ပြည်သူ့ ဆက်ဆံရေး လုပ်ငန်းကော်မတီ၊ အဖွဲ့ခေါင်းဆောင်၊ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအထိ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း (၃၇) ခုတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU)များ ဖွဲ့စည်းထားပြီး CPU များ၏ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းတာဝန် (၃) ရပ်နှင့် လုပ်ငန်းအစီအစဉ် (၆) ရပ်တို့ကို ချမှတ်၍ စဉ်ဆက်မပြတ် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း။

 

CPU ၏ လုပ်ငန်းအစီအစဉ် (၆) ရပ်ပါ ဆဋ္ဌမမြောက်အချက်ကို အကောင်အထည်ဖော် ဆောင်ရွက်မှုအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုရယူကြသည့် ပြည်သူများထံသို့ တယ်လီဖုန်းမှတစ်ဆင့် စာတို (Short Message Service - SMS) ပေးပို့၍ မေးခွန်းများမေးမြန်းခြင်းဖြင့် ပြည်သူလူထု၏တုံ့ပြန်မှုများ ရယူနိုင်ရေးအတွက် Short Code “1111” အသုံးပြု၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ စတင်ကာ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း  (၁၃) ခုတွင် အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း၊ PFP Web Portal အသုံးပြုနည်းသင်တန်းများ ကိုလည်း ဆွေးနွေးပို့ချပေးလျက်ရှိကြောင်း။

 

ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း (၁၃) ခုအနေဖြင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအထိ CPU Account (၄၃) ခု၊ DEO Account (၅၄၀) ဖြင့် အသုံးပြု ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ယနေ့အထိ ဝန်ဆောင်မှုရယူခဲ့သော ပြည်သူ (၁၉၃၉၀) ထံ Short Code “1111” ဖြင့် SMS များ ပေးပို့၍ မေးမြန်းခဲ့ရာ တုံ့ပြန်အကြံပြုချက်များ ပေးပို့လာသည့်ပြည်သူ (၂၁၃၀) ရှိပါကြောင်း၊ သက်ဆိုင်ရာဌာနများက ပြည်သူလူထု၏ တုံ့ပြန်မေးမြန်း အကြံပြုချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည့် ဖြေရှင်းမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်ကို အသုံးပြုဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ကြောင်း၊ ဌာန၏ ဝန်ဆောင်မှု လုပ်ငန်းများအပေါ် ပြည်သူလူထု၏ အကြံပြုချက်နှင့် သဘောထားအမြင်များကို လျင်မြန်စွာ သိရှိနိုင်ပြီး အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဖြေရှင်းမှုများ ဆောင်ရွက်ပေးနိုင်သဖြင့် အကြံပြုချက်များမှတစ်ဆင့် ဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုကောင်းမွန်အောင် ပြုပြင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

 

ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် နိုင်စေရေးအတွက် CPU ဖွဲ့စည်းထားပြီး ပြည်သူသို့ ဝန်ဆောင်မှု ဆောင်ရွက်ပေးနေသော်လည်း အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် ကျန်ပြည်ထောင်စု ဝန်ကြီးဌာန/ အဖွဲ့အစည်းများတွင် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်ကို ထပ်မံအသုံးပြု နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် အသုံးပြု ဆောင်ရွက်နေသည့် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက အများပြည်သူထံမှ တုံ့ပြန်မှု ရယူခြင်းအစီအစဉ် အသုံးပြုဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် နည်းပညာဆိုင်ရာ အခက်အခဲများ၊ Short Code “1111” အသုံးပြု၍ ဝန်ဆောင်မှုရယူသော ပြည်သူများထံသို့ SMS ပေးပို့ မေးမြန်းပြီး တုံ့ပြန်မှုရယူရာတွင် ပြည်သူလူထု၏ တုံ့ပြန်မေးမြန်း အကြံပြုချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးမှုနှင့် အခြားအကြံပြုလိုသည်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn