ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော် ကျိုက်သလ္လံစေတီတော်မြတ်ရှိ ရင်ပြင်တော်နှင့်မြေသားနံရံပြိုကျပျက်စီးမှုများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ၁၇  ဇွန်


ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်သည် ယမန်နေ့ နံနက်ပိုင်းက ကျိုက်သလ္လံစေတီတော်မြတ်ရှိ ရင်ပြင်တော်နှင့်မြေသားနံရံ ပြိုကျပျက်စီးမှုများအား ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ကျိုက်သလ္လံ စေတီတော်မြတ်ကြီး၌ ၂၀၁၈ ခုနှစ် ဇွန် ၁၇ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လေပြင်းထန်စွာ တိုက်ခတ်မှုကြောင့် စေတီတော်အရှေ့ဘက်နှင့် အနောက်ဘက်မုခ်တောင်စောင်းများ မြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးကိုယ်တိုင် ဦးဆောင်ပြီး ပျက်စီးမှုများအား အရေးပေါ်ပြန်လည်ပြုပြင်ထိန်းသိမ်းကာ စေတီတော်မြတ်ကြီး ရေရှည် တည်တံ့ ခိုင်မြဲရေးအတွက် ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် စေတီတော်ကုန်းမြေ မူလအခြေအနေ ပြန်လည်ရောက် ရှိရန်နှင့် ခိုင်ခံ့မှုရှိစေရန် နည်းပညာများအပြင် အခြားလိုအပ်သည့် အကူအညီများကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ် စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ကျိုက်သလ္လံစေတီတော်မြတ်ကြီးပျက်စီးဆုံးရှုံးမှုအခြေအနေ၊ အရေးပေါ် ဆောင်ရွက်ထားမှုနှင့် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့နှင့် ပတ်သက်၍ လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက စေတီတော်ကြီးပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စေတီတော်ရင်ပြင်ပေါ်မှ မြေထိန်း နံရံပြုပြင်ခြင်းနှင့်ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆောက်အဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့ (၁၃) မှ တာဝန်ယူတည်ဆောက်နေသာအမျိုးသမီးနှင့် ကလေးဆေးရုံကြီး (၅) ထပ်တိုးချဲ့လူနာဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကာ Ground Floor ရှိဓာတ်မှန်ဌာနနှင့် အရေးပေါ်လူနာဆောင်၊ 1st Floor ရှိမွေးကင်းစကလေးကုသဆောင်၊ 2nd Floor ရှိကိုယ်ဝန်ဆောင်၊ မွေးလူနာနှင့် သားဖွားဆောင်၊ 3rd Floor ရှိမီးယပ်လူနာဆောင်နှင့် 4th Floor ရှိခွဲစိတ်ခန်း၊ အရေးပေါ်လူနာဆောင်နှင့် အစည်းအဝေးခန်းမတို့ကို ကြည့်ရှု့စစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သောဖြူဘ - သဲကုန်း - ညောင်ကုန်းကြီး - ထန်းပင်ချောင်းလေး - မြလေးချောင် - ရင်းငြိမ် ကျေးလက်လမ်းအခြေအနေတို့ကို လမ်းတစ်လျှောက်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၄)မှ တည်ဆောက်နေသောကျုံဟော်- ရာမဆိပ် တံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)