ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ အကျိုးအမြတ်ရယူသူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော်   ဒီဇင်ဘာ   ၁၆

အမျိုးသမီးနှစ်ဦးကို ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ အကျိုးအမြတ်ရယူသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၉)ရပ်ကွက်နေ မသန်းသန်းခိုင်နှင့် မနွေးနွေးတို့က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ မ xxx ၊ ၃၁ နှစ်နှင့် လိပ်စာတူ မ xxx၊ ၃၁ နှစ် တို့ကို မြိတ်မြို့ရှိ KTV၊ အနှိပ်ခန်းတွင် အလုပ်ရမည်ဟု စည်းရုံးပြောဆို၍ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ အကျိုးအမြတ် ရယူခဲ့သဖြင့် ရွှေပြည်သာ မြို့မရဲစခန်း(ပ) ၂၃၆၄/၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြောက်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ဒီဇင်ဘာ ၁၃ ရက်တွင် တရားခံ သန်းသန်းခိုင်နှင့် တရားခံ နွေးနွေးတို့ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄  အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်