ပြည်တွင်း အိမ်ခြံမြေဈေးကွက် လက်ရှိ အနိမ့်ဆုံးဈေးတွင် အရောင်း/အဝယ် အဖြစ်များနေဟုဆို

ရန်ကုန်  ၁၅   ဇွန်    

 

မြန်မာနိုင်ငံ၏ အိမ် ခြံ မြေ အရောင်း/အဝယ် ဈေးကွက်ကျဆင်းလာမှုသည် ၂၀၁၃ ခုနှစ်မှစတင်ကာ ယနေ့အချိန်အထိ အနိမ့်ဆုံးဈေးကျဆင်းမှုတွင် ရပ်တန့်နေပြီးယခုနှစ်တွင် အရောင်း/အဝယ်များ ပြန်လည်ကောင်းမွန်လာကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

 

" မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်က လက်ရှိမှာပေါ့။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ထက် အရောင်း/အဝယ်ပိုကောင်း လာတယ်ဗျ။ အဓိကကတော့ အိမ်ခြံမြေဈေးနှုန်း ကျသွားမှုဟာ အခုအခါမှာရပ်တန့်သွားပြီလို့ယူဆလို့ပါ။ ရှေ့ဆက်ပြီးတော့လည်း ဆက်မကျနိုင်တော့ဘူး။ ဘာကြောင့်လဲဆိုရင် အိမ်ခြံမြေဈေးကျလာတာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက ဆက်တိုက်ကို ကျလာတာ ဒီထက်ထပ်ကျဖို့ကလည်း မဖြစ်နိုင်တော့ဘူးလေ။ ဒါကြောင့်ပါ။ ဒီအတွက် အရောင်း/အဝယ်တွေ ပိုကောင်းလာကြတယ်လို့မြင်တယ်" ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်က ပြောသည်။

 

ယခုအခါတွင် ရန်ကုန်တိုင်းဒေသကြီး /မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် နေပြည်တော်တို့တွင် အိမ်ရာလုံးချင်း/တိုက်ခန်းနှင့် နှစ်(၆၀) ဂရန် မြေငှါးစာချုပ်ပါ မြေကွက် အရောင်း/အဝယ်များသည် ယခင်ထက်ပိုမိုကောင်းမွန်လာကြောင်း သိရသည်။ မြို့ပြင် လယ်ယာမြေများသည်လည်း မှတ်ပုံတင်ခွင့်ပြုလိုက်သည့်အတွက် အရောင်းအဝယ်များ ပိုမိုကောင်းမွန်လာကြောင်း သိရသည်။ ထို့ပြင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး အစိုးရများနှင့် ပူးပေါင်းစီမံကာ အရစ်ကျစနစ်ဖြင့် ရောင်းချသော တန်ဖိုးနည်း/ တန်ဖိုးသင့် အိမ်ရာများသည် ဝယ်ယူသူများပြားနေကြောင်း သိရသည်။

 

ထို့ပြင် ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ၏ ချေးငွေ/အရစ်ကျစနစ်ဖြင့် မြို့ရွာများ အတွင်း ကန်ထရိုက်တိုက်နှင့် မြေကွက်အရောင်းအဝယ်များသည် ယခင်ထက်ပိုမိုအားကောင်းကာ အရောင်းအဝယ်ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံးအရောင်းအဝယ်ဖြစ်နေကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေ ဖွံ့ ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

 

ဓါတ်ပုံ-မျိုးကြီး