ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ တိုးတက်ထုတ်လုပ်ရေး၊ ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၂၃

 

ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ တိုးတက်ထုတ်လုပ်ရေး၊ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တိုင်းဒေသကြီး၊ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူးများ၊ စက်ရုံမှူးများက Virtual စနစ်ဖြင့် သတ်မှတ်နေရာအသီးသီးမှ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ တိုင်းဒေသကြီး/ပြည်နယ်များသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များနှင့် အစိုးရအဖွဲ့ အစည်းအဝေးများတွင် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ တိုးတက်ထုတ်လုပ်ရေး၊ ထွက်ရှိလာသည့် ဆီထွက်သီးနှံများကို အပြည့်အဝကြိတ်ခွဲနိုင်ရေး၊ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် ပတ်သက်သည့် လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ပြန်လည် ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ဆီထွက်သီးနှံများကို ဇုန်များသတ်မှတ်ပြီးစိုက်ပျိုး၍ ပန်းတိုင်အထွက်နှုန်းအတိုင်း ထွက်ရှိရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပသို့တင်ပို့ပြီး ကျန်ရှိသည့်ဆီထွက်သီးနှံများကို သက်ဆိုင်ရာလုပ်ငန်း များရှင်များက အပြည့်အဝကြိန်ခွဲ၍ စားသုံးဆီများထုတ်လုပ်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ကူညီဖြည့်ဆည်း စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  ထို့ကြောင့် ဆီထွက်သီးနှံနှင့် ပတ်သက်၍ စိုက်ဧက၊ ထွက်ရှိမည့်ပမာဏ၊ မြို့နယ်အသီးသီးတွင် တည်ရှိသည့် ဆီစက်အရေအတွက်၊ ကြိတ်ခွဲနိုင်သည့်စက်စွမ်းအား၊ လက်ရှိကြိတ်ခွဲထုတ်လုပ်နေမှု စသည်တို့ကို ကြိုတင်စာရင်းပြုစုတွက်ချက် ထားရမည်ဖြစ်ကြောင်း၊  စားသုံးဆီထုတ်လုပ်မှုလုပ်ငန်းများကို ကောင်းမွန်သည့် ထုတ်လုပ်မှုကျင့်စဉ် များနှင့်အညီ ထုတ်လုပ်မှသာ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေး ကောင်းမွန်သော စားသုံးဆီများ ရရှိမည်ဖြစ်၍ စစ်ဆေးကြပ်မတ်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း။ 

        

ပြည်တွင်းဝါစိုက်ပျိုးထုတ်လုပ်မှုသည် ပြည်သူများ၏ ဝတ်ဆင်ရေးကဏ္ဍအတွက် လုံလောက်မှုရှိကြောင်းကို တွက်ချက်မှုများအရ သိရှိရကြောင်း၊ ဝန်ကြီးဌာနရှိ ဝါကြိတ်စက်များ၊ ချည်ထုတ်လုပ်သည့် စက်များ၊ အထည်ရက်လုပ်ခြင်း၊ ဆေးဆိုးပန်းရိုက်ခြင်း စသည့်လုပ်ငန်းများကို စက်စွမ်းအားပြည့် လည်ပတ်ထုတ် လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံများအနေဖြင့် ယခုနှစ်တွင် ထုတ်လုပ်ရန်လျာထား သည့် ပမာဏများအတိုင်း ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်နှင့် လိုအပ်ချက်များရှိပါက ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ထွက်ရှိလာသည့်ဝါများကို ပြည်ပသို့ တိုက်ရိုက်တင်ပို့ခြင်း အတွက် ဝါကြိတ်စက်များဖြင့် ကြိတ်ခွဲပြီးဝါဂွမ်းမှ ချည်ထုတ်လုပ်တင်ပို့လျှင် ပိုမိုအကျိုးဖြစ်ထွန်းမည် ဖြစ်ကြောင်း၊ ထို့ကြောင့်ထွက်ရှိလာသည့် ဝါများကို အပြည့်အဝ ကြိတ်ခွဲနိုင်ရေးအတွက် ဝါကြိတ်စက်များ အဆင်သင့်လည်ပတ်နိုင်အောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ထွက်ရှိလာသည့် ဆီထွက်သီးနှံများနှင့် ဝါများကို အပြည့်အဝကြိတ်ခွဲ၍ ပြည်တွင်းစားသုံးမှုနှင့် ဝတ်ဆင်ရေးကဏ္ဍဖူလုံအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

 

ထို့နောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြည်တွင်း စားသုံးမှုဖူလုံရေး အတွက် Action Plan များ ရေးဆွဲဆောင်ရွက်သွားမည့် အခြေအနေ၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်ပေးမည့် အခြေအနေများကိုလည်းကောင်း၊ အမှတ်()အကြီးစား စက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးမှ ဝတ်ဆင်ရေးကဏ္ဍအတွက် နိုင်ငံပိုင်စက်ရုံများမှ ထုတ်လုပ် ဖြည့်ဆည်းပေးမည့်အခြေအနေ၊ အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အခြေအနေတို့ကိုလည်းကောင်း၊ တက်ရောက်လာသူများက ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ အထည်အလိပ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးတင်ပြကြသည်။

 

ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းတာဝန်များကို စနစ်တကျဖြင့် အောင်မြင်စေရေးအတွက် လက်တွေ့ကျသည့် စီမံချက်များရေးဆွဲဆောင်ရွက်ရန် မှာကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)