ပြည်တွင်းစားသုံးဆီဖူလုံဖို့ သေချာရေရာ‌အောင် နေကြာတိုးချဲ့ စိုက်ပျိုးကြပါစို့

 

မော်ကျွန်း-မြင့်‌အောင်

 

ဆီထွက်သီးနှံနေကြာမှာ မြန်မာ‌တောင်သူများနှင့် မစိမ်းလှပါ။ မြန်မာနိုင်ငံတွင် ဆီစားနေကြာကို ၁၉၇၆-၁၉၇၇ ခုနှစ်မှစ၍ စိုက်ပျိုးခဲ့ကြသည်။ ထိုစဉ်က မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် နေကြာစိုက်ခင်းများဖြင့် ဝေဆာစွာ အလှဆင်ခဲ့ကြသည်၊၊ ယခုအခါ ဆီထွက်သီးနှံနေကြာကို ပြည်တွင်းစားသုံးဆီ လိုအပ်ချက်အရ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့် တိုင်း‌ဒေသကြီးများတွင် နေကြာစိုက်ဧက တိုးမြှင့် စိုက်ပျိုးတော့မည်ဖြစ်သည်၊၊ ယင်းသို့ ဆီထွက်သီးနှံနေကြာကို အရှိန်အဟုန်မြှင့်တင် စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် စိုက်ဧကသက်မှတ်ပြီး ယခုနှစ်မိုးရာသီမှစတင်၍ ကြိုးပမ်းပြင်ဆင် ဆောင်ရွက်လျက်ရှိနေပါသည်။

 

ဤသတင်းစကားများကြောင့် စာရေးသူသည် ဆီထွက်သီးနှံနေကြာစိုက်ပျိုး ထုတ်လုပ်မှုအဆင့်ဆင့်ကို နေကြာစိုက်တောင်သူများထံ အချိန်မီသတင်းစကား လက်ဆောင်ပါးလိုပါသောကြောင့် ဧရာဝတီတိုင်း‌ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ဆက်သွယ် မေးမြန်းသတင်းစကားရယူပြီး ရရှိသော နေကြာစိုက်ပျိုးရေး သိကောင်းစရာ အချက်အလက်များကို နေကြာတောင်သူများထံ တိုက်ရိုက်သတင်းစကားလက်ဆောင်ပါးလိုက်ရပါသည်။

 

ဝင်ငွေတိုးသော သီးနှံမျိုးဖြစ်

 

ယင်းဆီထွက်သီးနှံနေကြာ စိုက်ပျိုးရေးကို ၂၀၂၂- ၂၀၂၃ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ နေကြာစိုက်ဧကပေါင်း ၁ ဒသမ ၅ သန်း စိုက်ပျိုးသွားမည်ဖြစ်သည်၊၊ စိုက်ဧက အပြည့်အဝ‌အောင်မြင် ဖြစ်ထွန်းစေရေးအတွက်လည်း အဘက်ဘက်က ကြိုးပမ်းပြင်ဆင် ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်သည်၊၊

 

အခြားဆီထွက်သီးနှံများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် နေကြာသည် စိုက်ပျိုးရလွယ်ကူသော သီးနှံမျိုးဖြစ်သည်၊၊ စိုက်ပျိုးစရိတ်သက်သာသော သီးနှံလည်းဖြစ်သည်၊၊ တစ်ယူနစ်ဧရိယာမှ ထွက်ရှိသော ဆီထွက်နှုန်းလည်း ပိုမိုသော သီးနှံဖြစ်သည်။ ထို့ပြင်စိုက်ပျိုးသူ နေကြာတောင်သူများအတွက် အကျိုးအမြတ် ကျိန်းသေရရှိနိုင်သော၊ သေချာရေရာသော သီးနှံမျိုးဖြစ်သည်။ ဝင်ငွေတိုးတက်ရရှိစေပြီး အစားအစာ ဘေးကင်းလုံခြုံစေသော သီးနှံမျိုး ဖြစ်ပါသည်။

 

ထို့ကြောင့်လည်း တောင်သူများက နေကြာကို လိုလိုလားလား စိုက်ပျိုးလိုကြခြင်းဖြစ်သည်။ နေကြာသီးနှံကို တစ်နှစ်တစ်ရာသီသာ စိုက်ပျိုးနိုင်သော ဒေသများတွင် သီးသန့်စိုက်ပျိုးကြခြင်းဖြစ်သည်။ နေကြာသီးနှံကို တစ်နှစ်တစ်ရာသီသာ စိုက်ပျိုးနိုင်သောဒေသများတွင် သီးသန့်စိုက်ပျိုးကြခြင်း ဖြစ်သည်။ ဆီထွက်သီးနှံနေကြာမှာ ဘက်စုံရသီးနှံမျိုးဖြစ်သည်။ ဆီထွက်သီးနှံနေကြာကို သီးထပ်လည်း စိုက်ပျိုးနိုင်ကြသည်။ စပါးအပြီး သီးထပ်စိုက်ပျိုးခြင်း၊ သက်လျင်၊ သက်လတ်စပါး မျိုးများ ရိတ်သိမ်းအပြီး (မြေအစိုဓာတ်) မခန်းခြောက်မီ အချိန်လု၍ ထွန်ယက်၊ ထယ်ထိုးစိုက်ပျိုးခြင်းတို့အပြင် နေကြာသီးနှံကို ကျင်းတူး၍ စိုက်ပျိုးနိုင်သည်။ ကျင်းတူး၍ စိုက်ပျိုးရလျှင် ထယ်ရေးထွန်ရေး ဆောင်ရွက်ရန်မလိုခြင်း ဖြစ်သည်။ ဆီထွက်သီးနှံ နေကြာကို ယာသီးနှံများဖြစ်သော မိုးမြေပဲ၊ နှမ်းလျင်၊ သက်လျင်၊ ပဲတီစိမ်းနှင့် ပြောင်းဖူး စသော သီးနှံများ ရိတ်သိမ်းပြီး နောက်ပိုင်းတွင်လည်း သီးထပ်အဖြစ် စိုက်ပျိုးနိုင်ကြသည်။

 

ထို့ပြင် ဆီထွက်သီးနှံနေကြာကို သီးညှပ်အဖြစ်လည်း စိုက်ပျိုးနိုင်ကြသည်။ သီးညှပ်စိုက်ပျိုးရာတွင် နေကြာသီးနှံကို ဂျုံ၊ ပဲတီစိမ်း၊ ကြံနှင့် ပဲစင်းငုံ စသော သီးနှံများ၏ တန်းကြားတွင်လည်း ညှပ်၍ စိုက်ပျိုးနိုင်ကြသည်။

 

ဘက်စုံရ နေကြာသီးနှံကို မိုးဦးသီးနှံဖြစ်သော ချည်မျှင်ရှည်ဝါ၊ သက်လျင်၊ ပဲတီစိမ်း၊ မိုးဦးနှမ်းလျင် တို့ကို စိုက်ပျိုးပြီးနောက်ပိုင်းတွင်လည်း ဂျုံသီးနှံ၏ သီးညှပ်အဖြစ် စိုက်ပျိုးနိုင်ကြပါသေးသည်။ နေကြာ နှင့် အခြားသီးနှံများ တွဲဖက်စိုက်ပျိုးရာတွင် ဂျုံလေး တန်း နေကြာတစ်တန်း၊ ပဲတီစိမ်းနှင့် သီးညှပ် စိုက်ပျိုးရာတွင် ပဲတီစိမ်းလေးတန်း နေကြာတစ်တန်း၊ နေကြာကို ကြံဖြင့် သီးညှပ်စိုက်ပျိုးရာတွင် ကြံပင်နှစ်တန်း နေကြာတစ်တန်း စိုက်ပျိုး၍ရသည်။ ပဲစင်းငုံနှင့် သီးညှပ်စိုက်ပျိုးမည်ဆိုပါက ပဲစင်းငုံ နှစ်တန်းကြားတွင် နေကြာတစ်တန်း စိုက်ပျိုးနိုင်သည်။

 

နေကြာတောင်သူများ အဓိကသိထားရမည့် အချက်မှာ သီးညှပ်စိုက်ပျိုးရာတွင် နေကြာကို တစ်ပင်နှင့် တစ်ပင် (တစ်ပေ) အကွာအဝေးခြား၍ စိုက်ပျိုးကြရမည်ဖြစ်သည်။ ဤအချက်မှာ အရေးကြီးသောအချက် ဖြစ်သည်။ ထို့ပြင် ဆီထွက်သီးနှံနေကြာကို ကုလားပဲ ကဲ့သို့သော သီးနှံများနှင့်လည်း ရောပြီး “ သီးရော” သီးနှံအဖြစ်လည်း နေကြာကို စိုက်ပျိုး နိုင်ကြသေးသည်။

 

တောင်သူများအတွက် စရိတ်သက်သာသော သီးနှံမျိုး

 

ဤသို့ ဆီထွက်သီးနှံနေကြာသည် သီးထပ်၊ သီးညှပ်နှင့် သီးရော သီးနှံအဖြစ် စိုက်ပျိုးနိုင်ကြသောကြောင့် နေကြာစိုက်တောင်သူများအတွက် စိုက်ပျိုးရ လွယ်ပြီး စိုက်ပျိုးစရိတ်သက်သာသော သီးနှံမျိုးလည်း ဖြစ်သည်။

 

သို့ဖြစ်ရာ နေကြာသီးနှံအထွက်နှုန်း တိုးတက်စေမည့် အခြားနည်းလမ်းများလည်း ရှိနေပါသေးသည်။ နေကြာသတင်းစကား လက်ဆောင်ပါးလိုပါသည်။ ယင်းတို့မှာ အပင်ပေါက် ရာခိုင်နှုန်း ၈၀ နှင့် အထက်ရှိသော မျိုးကောင်းမျိုးသန့်၊ စပ်မျိုး (F1) အသုံးပြု စိုက်ပျိုးကြရမည် ဖြစ်ပေသည်။

 

နေကြာစိုက်ပျိုးကြမည့် တောင်သူများအနေဖြင့် အထူးမှတ်သားရမည့်အချက်မှာ မိုးရာသီတွင် မေလမှဇွန်လအတွင်း စိုက်ပျိုးရမည် ဖြစ်သည်။ မိုးနှောင်းရာသီချိန်တွင် နေကြာကို စိုက်ပျိုးမည်ဆိုပါက စက်တင်ဘာလမှ အောက်တိုဘာလ အတွင်း စိုက်ပျိုး ကြရမည်ဖြစ်သည်။ နေကြာစိုက်ပျိုးရန်အတွက် မြေပြင်ရာတွင် ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက် ဆောင်ရွက်ထားမှသာလျှင် နေကြာစိုက်ပျိုးရေးတွင် အဆင်ပြေ အောင်မြင်ဖြစ်ထွန်းမည်ဖြစ်သည်။

 

ထို့ပြင် နေကြာတောင်သူများအတွက် နေကြာအထွက်နှုန်းတိုးတက်ရရှိရေးမှာ အဓိကအရေးပါသော အချက်ဖြစ်ပါသည်။ တစ်ဧက ဝင်ဆံ့မည့် အပင်အရေအတွက်မှာ ၂၉၀၀၀ ဝင်ဆံ့ရမည် ဖြစ်ပါသည်။ နေကြာပင်ကို တန်းကြားပင်ကြား ၂ ပေx ၉ လက်မ ထားရှိပြီး စိုက်ပျိုးရမည် ဖြစ်ပါသည်။ နေကြာမျိုးစေ့ကို (၁ ဒသမ ၅ လက်မ- ၂ လက်မ) အနက်တွင် တစ်ကျင်း လျှင် နေကြာမျိုးစေ့ နှစ်စေ့နှုန်း ထည့်သွင်း စိုက်ပျိုးရမည်ဖြစ်သည်။

 

ဤသို့လျှင် နေကြာအထွက်နှုန်း တိုးတက်ရရှိဖို့ ဆိုလျှင် မြေပြင်ချိန်ကလည်း အရေးကြီးသည်။ မြေပြင်ချိန်တွင် တစ်ဧကလျှင် သဘာဝမြေဩဇာ ငါးတန် ( နွားလှည်း ၁၀ စီး ) ခန့်၊ ယူရီးယား ၁၁၂ ပေါင်၊ တီစူပါ ၅၆ ပေါင်တို့ကို နေကြာစိုက်ပျိုးမည့် မြေကြီးအတွင်းသို့ ထည့်သွင်းပေးထားရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ နေကြာကို စနစ်တကျစိုက်ပျိုးခြင်းအားဖြင့် နေကြာအထွက်နှုန်းအတွက် စိတ်ချရမည်ဖြစ်သည်။ သတ်မှတ်ထားသော နေကြာအထွက်နှုန်း လည်းရရှိမည် ဖြစ်ပေသည်။ နေကြာတောင်သူများအတွက် ဝင်ငွေတိုးပွားအကျိုးများမည့် နေကြာသီးနှံ အထွက်တိုးနည်းလမ်းများကိုလည်း ထပ်မံ၍ သတင်းစကားပါးလိုပါသည်။ ယင်းတို့မှာ နေကြာသီးနှံအပင် ပေါက်စုံပြီး ၁၄ ရက်သားတွင် တစ်ကျင်း တစ်ပင်ချန်ပြီး သားခွဲရမည်ဖြစ်သည်။ နေကြာအပင်ပေါက်ငယ် စဉ်မှာ ပေါင်းမြက်ကင်းစင်ဖို့ အဓိက ဖြစ်သည်။ နေကြာပင် အဖူးဝင်ချိန် (၂၅-၃၀) ရက်သားခန့်တွင် တစ်ဧကလျှင် ယူရီးယား ၅၆ ပေါင် ထပ်မံ ထည့်သွင်း ပေးရမည် ဖြစ်သည်။ အဖူးဝင်ချိန် (၃၀-၃၅) ရက်သား ခန့်နှင့် ပန်းပွင့်ချိန် (၅၅-၆၀) ရက်သားခန့်တွင် နေကြာပင် အခြေအနေကို ကြည့်၍ ရေပေးသွင်းရမည် ဖြစ်သည်။ မွေးမြူရေး ပျားအုံများကိုလည်း တစ်ဧက လျှင် တစ်ပုံး၊ နှစ်ပုံး ထားရှိပေးရမည် ဖြစ်သည်။

 

အန္တရာယ်များကို ကာကွယ်နှိမ်နင်း

 

ယင်းသို့ နေကြာအထွက်နှုန်း တိုးတက်ရရှိရန် အဘက်ဘက်က ကြိုးပမ်းစွမ်းဆောင်နေကြသော်လည်း နေကြာအထွက်နှုန်း ယုတ်လျော့စေသော (သို့မဟုတ်) အထွက်နှုန်း ကျဆင်းစေသော လုပ်ငန်းတစ်ခုမှာ နေကြာသီးနှံဖျက်ပိုးမွှားအန္တရာယ်ဖြစ်သည်။ သီးနှံဖျက်ပိုးမွှားများကို သီးနှံကာကွယ်ရေး ပိုးသတ်ဆေးများ ဖြင့်လည်းကောင်း၊ နေကြာစိုက်ခင်းအတွင်း ဝင်ရောက်ဖျက်ဆီးသော ကြွက်အန္တရာယ်နှင့် ကြက်တူရွေးဖျက်ဆီးမည့် အန္တရာယ်များကိုလည်း ကြိုတင်ဟန့်တား ကာကွယ်နှိမ်နင်းကြရမည် ဖြစ်ပေသည်။

 

သို့ဖြစ်ပေရာ နေကြာစိုက်တောင်သူများ ကြိုးပမ်းစိုက်ပျိုးခဲ့သော နေကြာပင်၏ နေကြာရိတ်သိမ်းချိန်မှာလည်း အရေးကြီးလှသည်။ နေကြာရိတ်သိမ်းချိန်တွင် အလေအလွင့်မရှိဘဲ စနစ်တကျ ရိတ်သိမ်းနိုင်ပါက နေကြာအထွက်နှုန်းကို မထိခိုက်နိုင်ပါ။ တောင်သူများအနေဖြင့် နေကြာပွင့်နောက်ကျောဘက်တွင် အဝါရောင်သန်းလာပြီလား၊ မသန်းသေးဘူးလား၊ ဆိုသည်ကို လေ့လာကြည့်ရှုရပါမည်။ အဝါရောင် သန်းလာပြီဆိုပါက နေကြာပင်သက်တမ်း (၈၀-၈၅) ရက်သားခန့်တွင် နေကြာကို အချိန်မီ ရိတ်သိမ်းကြရမည် ဖြစ်ပေသည်။

 

ယင်းသို့ ရိတ်သိမ်းပြီးသော နေကြာပွင့်များကို နှစ်ရက်၊ သုံးရက် နေလှန်း၍ ခြွေလှေ့သန့်စင်ပါ။ ရရှိလာသော နေကြာစေ့များကို နှစ်ရက်၊ သုံးရက် နေလှန်းအခြောက်ခံပြာတီး၍ အစိုဓာတ် (၇-၉) ရာခိုင်နှုန်းတွင် သိုလှောင်ထားဖို့ ဖြစ်သည်။

 

နေကြာကို မျိုးကောင်း၊ မျိုးသန့် စပ်မျိုး(F1) ကို တောင်သူများစိုက်ပျိုးကြမည်ဆိုလျှင် အထွက်နှုန်းအတွက် စိတ်ချရပါသည်။ နေကြာမျိုးကောင်းမျိုးသန့်ကို ရယူသုံးစွဲခြင်းမရှိပါက နေကြာအထွက်နှုန်း လျော့နည်းရန် ဖြစ်လာနိုင်ပါသည်။

 

ဘက်စုံသီးနှံဖြစ်

 

နေကြာ မျိုးကောင်းမျိုးသန့် ရရှိနိုင်သော နေရာများကတော့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် မျိုးစေ့ထုတ်တောင်သူအသင်းအဖွဲ့များက ရောင်းချသော (နေကြာစပ်မျိုး) များကိုသာ ရယူသုံးစွဲစိုက်ပျိုးကြရန် ဖြစ်ပေသည်။ သို့ဖြစ်ရာ နေကြာသီးနှံသည် မိုးဦး၊ မိုးလယ်နှင့် မိုးနှောင်း သုံးရာသီစလုံး အောင်မြင်စွာ စိုက်ပျိုးနိုင်သော ဘက်စုံသီးနှံဖြစ်ခြင်းကြောင့် နေကြာသည် ထူးခြားသောသီးနှံ ဖြစ်သည်။ စိုက်ဧရိယာ တိုးချဲ့ရေးအတွက် အခွင့်ကောင်းများ ရရှိနေသော သီးနှံလည်း ဖြစ်ပေသည်။ ဆီထွက်သီးနှံနေကြာကို အလားအလာရှိသော မြန်မာပြည်တစ်ဝန်း ဒေသများတွင် နေကြာစိုက်ဧက တိုးချဲ့စိုက်ပျိုးခြင်း၊ အစေ့ထွက်နှင့် ဆီထွက်နှုန်းကောင်းသော စပ်မျိုး နေကြာမျိုးများဖြင့် မျိုးပြောင်းလဲစိုက်ပျိုးခြင်း ပြုလုပ်ပါက နေကြာတစ်ဧက အထွက်နှုန်းနှင့် ထုတ်လုပ်မှု တိုးတက်လာမည် ဖြစ်သည့်အပြင် “ ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံလာမည်” မှာ အသေအချာပင် ဖြစ်သည်။

 

သို့ဖြစ်ပေရာ နေကြာသည်ကား တောင်သူများ၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ကောင်း တစ်ခုဖြစ်လေရာ အစေ့ထွက်နှင့် ဆီထွက်နှုန်းကောင်းသော စပ်မျိုးနေကြာကို စိုက်ပျိုးကြမည်ဆိုလျှင် နေကြာအထွက်နှုန်း သေချာစွာရရှိမည် ဖြစ်သော ကြောင့် “ ပြည်တွင်း စားသုံးဆီဖူလုံဖို့ သေချာရေရာအောင် နေကြာတိုးချဲ့ စိုက်ပျိုးကြပါစို့’’ဟု သတင်းစကား လက်ဆောင်ပါးရေးသားလိုက် ရပါသည်။ ။