နေပြည်တော် ဧပြီ ၂၆
မတ် ၂၈ ရက်က မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့သဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် စသည့်ဒေသခြောက်ခု၌ လူနေအိမ်နှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့ရပြီး အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်။
အဆိုပါ ငလျင်ဒဏ်သင့်ဒေသများတွင် အများပြည်သူ၊ ဌာနဆိုင်ရာများက ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် ဝိသမစီးပွားရေးလုပ်ငန်းရှင်အချို့မှာ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုရှေးရှုပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဈေးနှုန်းအဆမတန် မြှင့်တင် ရောင်းချမှုများပြုလုပ်လာကြောင်း သိရှိရသဖြင့် တာဝန်ရှိသူများက ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ၊ အရောင်းဆိုင်များအား ဧပြီ ၅ ရက်မှ ၁၂ ရက်အတွင်း ခေါ်ယူ တွေ့ဆုံကာ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်းများ မပြုလုပ်ကြရန် သတိပေးပြောကြားခဲ့ပြီး ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေခြင်းများ ဆောင်ရွက် ခဲ့ပြီးဖြစ်သည်။
သို့ရာတွင် အချို့သောစီးပွားရေးလုပ်ငန်းရှင်များက လိုက်နာဆောင်ရွက်မှုမရှိဘဲ မတော်လောဘဖြင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရှိရသဖြင့် ငလျင်ဒဏ်သင့်ဒေသများအပါအဝင် မြို့ကြီးအချို့၌ ရောင်းဝယ်လျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အရောင်းဆိုင်/သိုလှောင် ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများကို တာဝန်ရှိသူများ က ဧပြီ ၂၃ ရက်တွင် ကွင်း ဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
စစ်ဆေးတွေ့ရှိချက်များအရ ဘိလပ်မြေတံဆိပ်အမျိုးမျိုးကို ဝယ်ရင်းဈေးထက် အဆမတန် အမြတ်ယူရောင်းချလျက်ရှိသည့် ဆိုင် ၆၂ ဆိုင်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် တည်ဆဲဥပဒေ များနှင့်အညီ အမှုဖွင့်လှစ်၍ ထိရောက်စွာအရေးယူဆောင်ရွက် သွားမည်ဖြစ်သည်။
သို့ဖြစ်၍ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များ စားသောက်ကုန်နှင့်လူသုံးကုန် ပစ္စည်း အရောင်းဆိုင်များအနေဖြင့် အများပြည်သူအခက်အခဲဒုက္ခများ ကြုံတွေ့နေရသည်ကို အခွင့် ကောင်းယူကာ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် မိဘပြည်သူ များအနေဖြင့် ထိုကဲ့သို့ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချ နေသည့်သတင်းများ သိရှိရပါက တာဝန်ရှိ အုပ်ချုပ်ရေးအဖွဲ့အစည်းများထံသို့ သတင်းပေးပို့နိုင်ပါရန် အသိပေးသတင်း ထုတ်ပြန် ထားသည်။
သတင်းစဉ်