ပြည်တွင်း/ပြည်ပခရီးသွားတို့အတွက် မြိတ်ကျွန်းစု အပန်းဖြေခရီးစဉ်တွင် ဝန်ဆောင်မှုကောင်းများဖြင့် ပြင်ဆင်ထား

ရန်ကုန် ဒီဇင်ဘာ ၁၉

၂၀၂၂ ခုနှစ် နှစ်သစ်ကူးခရီးသွားရာသီ၌ မြိတ်ကျွန်း စုအပန်းဖြေခရီးစဉ်များတွင် မြိတ်ကျွန်းစုရှိ ဟိုတယ်၊ မိုတယ်များအနေဖြင့် ပြည်တွင်း/ပြည်ပ ခရီးသွားများ အပန်းဖြေ အနားယူနိုင်ရန် ဝန်ဆောင်မှုကောင်းများ ကြိုတင်ပြင်ဆင်ထားကြကြောင်း သိရသည်။

ပင်လယ်ပြင်နှင့် ကျွန်းစုများ၏သဘာဝအရင်းအမြစ် ရှုခင်းအလှတို့ကို ပိုင်ဆိုင်ထား သည့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ရှိကျွန်းစုများတွင် ဆောင်းရာသီ ခရီးသွား ကာလ ၌  စိတ်အေးချမ်းသာစွာ အပန်းဖြေအနားယူနိုင်ရန် ဟိုတယ်များနှင့် ခရီးသွားလုပ်ငန်းတို့ က ပြည်တွင်း/ ပြည်ပခရီးသွားများအတွက် ဝန်ဆောင်မှုကောင်းများ အပြိုင်အဆိုင် ပေးနိုင်ရန် ကြိုတင်ပြင်ဆင် လျက်ရှိသည်။

တနင်္သာရီ တိုင်းဒေသကြီး၌ ကျွန်းပေါင်း ၈၀၀ကျော်ရှိပြီး မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း ၂၀၀ ကျော်ရှိ ၍ မြိတ်ကျွန်းစုပင်လယ်ပြင်ခရီးစဉ်များတွင် လူကြိုက် အများဆုံးနေရာများ ဖြစ်သော ကျွန်းဘုရင်(ခေါ်)လေးကျွန်းနှင့် စမတ်ကျွန်း (ခေါ်) ပါပကျွန်း၊ သမီးလှကျွန်း၊ ဒုံး ရေတံခွန်၊ ဒုံးညောင် မှိုင်း(CBT)၊ တောင်ပံကြီးကျွန်းနှင့် ဘေလီကျွန်းတို့သည် မြိတ်ကျွန်းစု ၏အလှကို အထူးဖော်ဆောင်လျက်ရှိရာ နိုင်ငံခြား ခရီးသွားများ အထူးနှစ်ခြိုက်စွာလည် ပတ်သော ကျွန်းစုများအဖြစ် ဂုဏ်တင့်လျက်ရှိသည်။

“နှစ်သစ်ကူးအခါသမယမှာ ပျော်ရွင်စွာအပန်းဖြေ အနားယူနိုင်ဖို့အတွက် ပြင်ဆင် ဆောင်ရွက်ထားကြပါတယ်။  အုပ်စုလိုက်လာချင်သူတွေ၊ မိသားစုတွေ၊ ကုမ္ပဏီလုပ်ငန်း ရှင်နဲ့ဝန်ထမ်းတွေအတွက် အပန်းဖြေလာမယ်ဆိုရင် အထူးစျေးနူန်းတွေနဲ့ အဆင်ပြေ အောင် အတတ်နိုင်ဆုံး စီစဉ်ပေးထားပါတယ်။ 
ကမ်းခြေမှာ မီးပုံပွဲတွေနဲ့ဆိုကြကကြဖို့စီစဉ်ပေးတဲ့အပြင် ဒီရေ တောတွေမှာလည်းကနူးလှေစီးတာ၊ အမှတ်တရဒီရေ တောသစ်ပင်စိုက်မယ်ဆိုလည်း အုပ်စုလိုက်၊ အဖွဲ့လိုက်သစ်ပင်စိုက်နိုင် အောင်နဲ့ ဒီရေတောထိန်းသိမ်းတာတွေ စီစဉ်ပေးထားပါတယ်။ အပျော်တမ်းငါးမျှား တာ၊ ဆလုံရွာတွေကိုသွားရောက်လည်ပတ်ပြီး သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု၊ ဘာသာစကား၊ ရိုးရာဓလေ့၊ ကိုးကွယ်ယုံကြည်မှုနဲ့ ဆလုံ တိုင်းရင်း သားတို့ရဲ့ လူနေမှုဘဝပုံရိပ်တွေကို သဘာဝအတိုင်းလေ့လာနိုင် အောင်လည်း စီစဉ်ပေး ထား ပါတယ်။ လူငယ်စုံတွဲတွေ Pre Wedding နဲ့ Anniversary အတွက်လည်း ပင်လယ်ပြင်ကြီးနဲ့ ကျွန်းပေါ်မှာ Romantic Trip အမှတ်တရလေးတွေလုပ်နိုင် အောင်လည်း ဝန်ဆောင်မှုတွေပေးထားပါတယ်။ ပြီးတော့ Virgin Island ပေါ်မှာ သီးသန့်အဖွဲ့လိုက် Adventure Tour နဲ့ Survival Trips တွေလည်း လူငယ်တွေအနေနဲ့ ထူးထူးခြားခြား စွန့်စားခရီးသွားလာနိုင်အောင် Special Package  တွေ စီစဉ်ပေးထား ပါတယ်။   စိတ်အေးချမ်းမှုနဲ့ အတူပျော်ရွှင်ကြည်နူးဖွယ်ခရီးစဉ်တွေကို မြိတ် ကျွန်းစုက ဟိုတယ်တွေက ဝန်ဆောင်မှုကောင်းများစွာနဲ့ ပြင်ဆင်ထားပြီးပြည်တွင်း/ ပြည်ပ ခရီးသွား များကို ကြိုဆိုနေပါတယ်"ဟု Blue Ocean Star Resort& Travel Co.Ltd. မှ CEO ဖြစ်သူ ဦးကျော်မိုးက ပြောသည်။

မြိတ်ကျွန်းစုတွင် ပင်လယ်ရေအောက်မှ သန္တာကျောက်တန်းများနှင့် ငါးမျိုးစိတ်များကို ကြည့်ရှုလေ့ လာနိုင်ပြီး၊ ဝေလငါးနှင့်လင်းပိုင်ငါးအုပ်များကိုလည်း လေ့ လာနိုင်သည့်အပြင် ကျွန်းစုများ တွင်ရှိသည့် ပင်လယ်လိပ်ပြာနှင့် အောက်ချင်းငှက်များ အပါအဝင် ငှက်မျိုးစိတ် များစွာကိုလည်း လေ့လာနိုင်မည်ဖြစ်သည်။ ထို့အပြင် ပင်လယ်လိပ်နှင့် ပင်လယ်ဖျံများ၏ သဘာဝအတိုင်းနေထိုင်မှုကိုစောင့်ကြည့် လေ့လာ နိုင်ပြီး ဆေးဖက်ဝင် မလိငှက်သိုက်နှင့် ဇီဝဇိုးငှက်များ၏ သဘာဝအလေ့အထ ကိုလည်း လေ့လာနိုင်ရန် ဝန်ဆောင်မှုများပေးထားသည်။

မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းကို ၂၀၁၄-ခုနှစ်တွင် စတင်အကောင်ထည်ဖော်ဆောင် ခဲ့ရာ ၂၀၁၅ ခုနှစ်မှစတင်၍ ၂၀၁၉-ခုနှစ်တို့တွင် ခရီးသွားလုပ်ငန်းအထူးတိုးတက် ကောင်း မွန်ခဲ့ပြီး ရက်ရှည်ရုံး ပိတ်ရက် တို့တွင် လာရောက်လည်ပတ်သူ ပိုမိုများပြားခဲ့၍ တစ်နေ့လျင် ခရီးသွား၂၀၀မှ ၃၀၀ အထိ ရှိခဲ့ကြောင်း သိရသည်။ ကိုဗစ်-၁၉ရောဂါကြောင့် ခရီးသွားလုပ်ငန်း ယာယီရပ်တန့်သွားရာမှ ၂၀၂၂-ခုနှစ်၏ သီတင်းကျွတ်လပြည့်နေ့မှစတင် ၍ ခရီးသွားများပြန်လည် ဝင်ရောက်လာခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ရှိ ကျွန်းစုများကို လေ့လာလည်ပတ်နိုင်ရန်နှင့် အပန်းဖြေခရီးသွား လုပ်ငန်းကို ၂၀၂၂-ခုနှစ်၊ အောက်တိုဘာလတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ရာ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်း၊ ဧည့်လမ်းညွှန်များလုပ်ငန်း၊ ရေယာဉ်မောင်းသူများနှင့် မြိတ်ခရိုင်အတွင်းရှိ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိလျက် စီးပွားရေး အခွင့်အလမ်းများစွာ ပွင့်လန်းစေခဲ့သည်။

မြိတ်ကျွန်းစုများတွင် ပြည်တွင်း/ပြည်ပခရီးသွားများ အဆင်ပြေလွယ်ကူစွာ သွားလာ နိုင်ရန် Speet Boat များ၊ အမြန်ရေယာဉ်များ စနစ်တကျပြေးဆွဲလျက်ရှိပြီး ဧည့်လမ်းညွှန် များကလည်း ခရီးသွားများ အန္တရာယ်မဖြစ်စေရေးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု မရှိစေရန် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ပိုမိုဖွံဖြိုး တိုးတက်စေရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ မြန်မာ့ပင်လယ်ပြင်အလှနှင့် သဘာဝအလှ တို့စုဝေးရာ မြိတ် ကျွန်းစုရှိ ကျွန်းစုများ၏သဘာဝရှုခင်းများက ပြည်တွင်း/ပြည်ပ ခရီးသွားများကို ဆွဲဆောင် လျက်ရှိပြီး ဟိုတယ်၊ မိုတယ်များနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများက နှစ်သစ်ကူး ကာလခရီးသွားတို့အတွက် ဝန်ဆောင်မှု ကောင်းများဖြင့်ထားမှုဖြင့် နွေးထွေးပျူငှာစွာ ကြိုဆိုလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး - ညိမ်းသူ ( သတင်းစဉ် )