ပြည်တွင်းရွှေဈေး ဆယ့်တစ်သိန်းအထက်တွင်ရှိ 

ရန်ကုန်  ၈ ဇူလိုင်


ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ဆယ့်တစ်သိန်းအထက်တွင် ဆက်လက်ရှိနေကြောင်း  ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က ပြောသည်။ 


လက်ရှိ ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၁၁၁၈၀ဝ၀ နှင့် ၁၁၂၀ဝ၀ဝ ကြားရှိပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၉၈ ဒေါ်လာရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ 


"လက်ရှိရွှေဈေးက ၁၁၁၈၀ဝ၀ နှင့် ၁၁၂၀ဝ၀ဝ ကြားရှိတယ်၊ အခုရက်ပိုင်းအတွင်းမှာတော့ ပြောလို့တော့ မရနိုင်ဘူး၊ ဒါပေမယ့် မကျဖို့ကတော့များတယ်၊ အကုန်လုံးက မငြိမ်ဘူးဖြစ်နေတယ်၊ ကမ္ဘာ့စီးပွားရေးက မငြိမ်တဲ့အခါကျတော့ ရွှေပဲပြန်ပြီး ကိုင်ထားတဲ့သဘောပါ”ဟု ဦးမျိုးမြင့် က ပြောသည်။ 


ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း အရောင်းအဝယ်မှာလည်း အဝယ်ထက် အရောင်းများနေကြောင်း ၎င်းက ဆက်ပြောသည်။ 


"အရောင်းအဝယ်က ဟိုဘက်တစ်လောတုန်းကလည်း ပြန်ရောင်းတာများတယ်၊ တက်ဈေးနဲ့ဆိုတော့ အရောင်းများတယ်၊ ဟိုအရင်တုန်းက သိမ်းထားတဲ့ တံဆိပ်အဟောင်းတွေတောင် အကုန်လုံး ပြန်ထွက်လာတယ်၊ လက်ရှိမှာလည်း အရောင်းများနေတယ်"ဟု ဦးမျိုးမြင့် က ပြောသည်။ 


ပြည်တွင်းရွှေဈေး အတက်အကျသည် ကမ္ဘာ့ရွှေဈေးအတက်အကျပေါ်တွင် မူတည်နေပြီး လက်ရှိကမ္ဘာ့ရွှေဈေးမှာ အတက်အကျ မငြိမ်သကဲ့သို့ ပြည်တွင်းရွှေဈေးမှာလည်း ဆယ့်တစ်သိန်းအထက်တွင်သာ ဆက်လက်ရှိနေနိုင်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။ 


ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်စမှစ၍ ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်သစ်များ ထပ်ခါထပ်ခါ ချိုးလာခဲ့ရာ၂၀၁၉ ခုနှစ် နှစ်စ ဇန်နဝါရီ ၁၇ ရက်မှ ၂၉ ရက်အတွင်း တစ်ကျပ်သားလျှင် ကျပ် ၁၀၅၀ဝ၀ဝ ကျော်၊ ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၇ ရက်အတွင်း ကျပ် ၁၀၆၀ဝ၀ဝ ကျော်၊ ဖေဖော်ဝါရီ ၈ ရက်မှ ၁၈ ရက်အတွင်း ကျပ် ၁၀၇၀ဝ၀ဝ ကျော်၊ ဖေဖော်ဝါရီ ၁၉ မှ ၂၁ ရက်အတွင်း ကျပ် ၁၀၈၀ဝ၀ဝ ကျော်  အထိ စံချိန်သစ်များ အသီးသီး ဖြစ်ပေါ်ခဲ့ပြီး ဇွန် ၂၁ ရက်တွင်မူ ယခင်ချိုးထားသည့် စံချိန်များထက် ကျော်လွန်၍ ကျပ် ၁၁၁၀ဝ၀ဝ ထိ ဖြစ်ပေါ်ခဲ့သည်။ 


ပြီးခဲ့သည့် လများက ရွှေဈေးကို ပြန်ကြည့်ပါက ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၀၄၃၄၀ဝ(ဇန်နဝါရီ ၁ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၀၆၁၀ဝ၀ (ဇန်နဝါရီ ၃၁ ရက်)၊ ဖေဖော်ဝါရီတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၀၅၈၄၀ဝ (ဖေဖော်ဝါရီ ၂ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၀၈၇၃၀ဝ (ဖေဖော်ဝါရီ ၂၀ ရက်)၊ မတ်တွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၀၄၈၆၀ဝ (မတ် ၃၀ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၀၆၉၀ဝ၀ (မတ် ၂၁ ရက်)၊ ဧပြီတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၀၃၇၂၀ဝ(ဧပြီ ၂၄ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၀၅၄၇၀ဝ (ဧပြီ ၁၁ ရက်)၊ မေတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၀၃၅၂၀ဝ (မေ ၂ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၀၅၉၂၀ဝ (မေ ၁၄ ရက်)၊ ဇွန်တွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၀၅၅၀ဝ၀ (ဇွန် ၁ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၁၂၅၅၀ဝ (ဇွန် ၂၅ ရက်) တို့ဖြစ်ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။ 


ငြိမ်းငြိမ်း-နယူးလိုက်