ပန်းတောင်းမြို့နယ်အတွင်း ကျေးရွာ ၅ ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထပ်တိုးအကောင်အထည်ဖော် ဆောင်ရွက်ပေးမည်

 

ပန်းတောင်း အောက်တိုဘာ ၁၁

 

ပဲခူးတိုင်း​ဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ ကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၅၀၀၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေတို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းသန်း‌ဇော်က ပြောပြ၍ သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် မိမိတို့ကျေးရွာ၏ ပကတိ လိုအပ်ချက်များပါဝင်သော ကျေးရွာဖွံ့ဖြိုးရေး စီမံချက်များကို မိမိတို့ကိုယ်တိုင်ရေးဆွဲပြီး အဆိုပါ စီမံချက်များကို မြို့နယ်စီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

“ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းက ကျေးရွာသူ ကျေးရွာသားတွေ အားလုံးပါဝင်ပြီး ကျေးရွာရဲ့ အဓိက ပကတိလိုအပ်ချက်တွေ ပါဝင်တဲ့ ဦးစားပေးအလိုက် စီမံချက်လုပ်ငန်းတွေ ဖော်ထုတ်ပါတယ်၊ အဲဒီစီမံချက်လုပ်ငန်းတွေထဲက ပထမဦးစားပေးလုပ်ငန်းကို ကျွန်တော်တို့ ဦးစီးဌာနက ကျေးရွာတစ်ရွာကို ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး ကျေးရွာရဲ့ ငွေထည့်ဝင်မှု လုပ်အားထည့်ဝင်မှုတွေနဲ့ စတင်ဆောင်ရွက်ပေးပါတယ်၊  ကျန်တဲ့လုပ်ငန်းတွေကို သက်ဆိုင်ရာ မြို့နယ်အဆင့် ဦးစီးဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ရေးဆွဲပေးတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်” ဟု  ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်က ပြောပြသည်။

 

ပန်းတောင်းမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို ယခုဘဏ္ဍာနှစ်တွင် ကျေးရွာရှစ်ရွာ၌ ရွာတွင်းလမ်းသုံးခု ဘက်စုံသုံးခန်းမ လေးခုနှင့် မီးသင်္ဂြိုဟ်စက် တည်ဆောက်ခြင်း လုပ်ငန်းတစ်ခုတို့ ဆောင်ရွက်ခွင့်ရပြီး ထပ်မံ၍ ဒေါင်းတိုက်၊ ကျီးပင်၊ ကသည်းကုန်း၊ ကျီးပင်ကန်နှင့် ရွာသာယာ စသည့် ကျေးရွာ ၅ တွင် စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၅၀၀၊ ကျေးရွာပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းလုပ်ငန်း သုံးခု၊ ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း တစ်ခု၊ မီးလင်း‌ရေးလုပ်ငန်း တစ်ခု စုစုပေါင်း လုပ်ငန်း ၅ ခုကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာများပံ့ပိုးကာ ထပ်တိုးအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

အောင်မျိုးဦး (ကျေးလက်)