ပန်းတောင်းမြို့နယ်တွင် ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၅၂)လုံး အမိုးလန်ပျက်စီး

ပန်းတောင်း ဧပြီ ၃၀

 

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီက ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ပန်းတောင်းမြို့နယ်၊ တောင်ဘို့ကြီးအုပ်စု၊ ကိုင်းကြီးအုပ်စု၊ တလုပ္ပင်အုပ်စု၊ သူရဲတန်းအုပ်စု၊ ရပ်သာအုပ်စု၊ ကြိုးကြာအုပ်စု၊ မကြီးထုံးအုပ်စုအတွင်းရှိ လူနေအိမ် (၅၂)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်ခဲ့သည့် လူနေအိမ်များရှိ လေဘေးသင့် မိသားစုများအား ယာယီနေထိုင်နိုင်ရေး၊ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

 

သင်းသင်းအေး(ပြန်/ဆက်)