ပန်းတောင်းမြို့နယ်တရားရုံး အဆောက်အအုံသစ် ဖွင့်ပွဲကျင်းပ

ပန်းတောင်း        ဇွန်       ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တရားရုံး အဆောက်အအုံသစ်ဖွင့်ပွဲကို ဇွန် ၁၈ ရက် နံနက်ပိုင်းက အဆိုပါတရားရုံး အဆောက်အအုံရှေ့၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပန်းတောင်းမြို့နယ်တရားရုံး အဆောက်အအုံသစ်အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ တရားရုံး အဆောက်အအုံသစ် ကမ္ပည်းမော်ကွန်းကျောက်စာအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး အဆောက်အအုံသစ်အား လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး တာဝန်ယူတည်ဆောက်သည့် Royal Prome Co., Ltd မှ တာဝန်ရှိသူတစ်ဦးက ရုံးအဆောက်အအုံသစ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ တရားရုံး အဆောက်အအုံသစ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများအား Royal Prome Co., Ltd မန်နေဂျင်း ဒါရိုက်တာက တိုင်းဒေသကြီး တရားရေးဦးစီးမှူးထံ လွှဲပြောင်းပေးအပ်ပြီး ပန်းတောင်းမြို့နယ် တရားသူကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ ပန်းတောင်းမြို့နယ်တရားရုံး အဆောက်အအုံသစ်ကို တရားခွင် ငါးခွင်၊ အသံဆက်သွယ်ရေးစနစ်၊ လုံခြုံရေးစနစ်များ ပါရှိသည့်အပြင် ခေတ်မီအစည်းအဝေးခန်း၊ သက်သေ နားနေခန်း၊ ရှေ့နေ နားနေခန်း၊ စာကြည့်တိုက်၊ သက်သေခံပစ္စည်းများ ထားသိုရန် လုံခြုံသော ဘိလစ်ခန်း၊ အချုပ်တရားခံများ အဆင်ပြေစွာ ထားရှိနိုင်မည့် အချုပ်ခန်း၊ မီဒီယာခန်း၊ လုံခြုံရေးဂိတ်၊ ကားပါကင်၊ ရေ၊ မီး၊ သန့်စင်ခန်း စသည်တို့ကိုလည်း တရားရုံးအင်္ဂါရပ်နှင့်အညီ ထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ် ဥပဒေရုံး အဆောက်အအုံကို သွားရောက်ကြည့်ရှုပြီး ပြန်လည်အဆင့်မြှင့်တင်နိုင်ရေ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့အတွင်း ဌာနဆိုင်ရာများ၊ တပ်ရင်း တပ်ဖွဲ့များမှ လမ်းဘေး ဝဲ/ယာ သန့်ရှင်းရေး ပြုလုပ်နေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးပြီး လမ်းဧရိယာအတွင်း ကျူးကျော်မှု မရှိစေရေး၊ လျှပ်စစ်မီးတို်ငများ ရွှေ့ပြောင်းစိုက်ထူသွားရေးနှင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရေး လမ်းညွှန်ဆိုင်းဘုတ်များ စနစ်တကျထားရှိရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

တင်စိုး(ပဲခူး)