ပန်းတနော်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်

ပန်းတနော် ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၅၀၀ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ပန်းတနော်မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကို စံကျောင်း၊ ပေပင်တောင်အထက်၊ လက်ျားစု၊ ကျုံပတော၊ လှည်းဆိပ်၊ ဥတို၊ ဒေါင့်ကြီး၊ ဘနစ်အနောက်၊ ဆပ်သေ၊ ထိန်တပ်၊ ဇီးငူ၊ လက်ပန်ပင်၊ ပေါက်ချောင်း၊ မတ်၊ ချောင်းကြီး ကျေးရွာ ၁၅ ရွာတွင် စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၅၀၀ နှင့် ကျေးရွာပြည်သူများ၏ ထည့်ဝင်ငွေများဖြင့်  သောက်သုံးရေရရှိရေးလုပ်ငန်း၊ ကျေးရွာလမ်းခင်းခြင်းလုပ်ငန်း၊ ကျေးရွာခန်းမဆောင် တည်ဆောက်ခြင်း အစရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများက နည်းပညာများပံ့ပိုးကာ ကျေးရွာပြည်သူလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

“ကျေးလက်နေပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူ ကျေးရွာသားတွေကိုယ်တိုင် မိမိတို့ကျေးရွာရဲ့ ပကတိလိုအပ်ချက်တွေပါဝင်တဲ့ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်တွေကို မိမိတို့ကိုယ်တိုင်ရေးဆွဲပြီး အဆိုပါစီမံချက်တွေကို မြို့နယ်စီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ်တွေမှာ ထည့်သွင်းရေးဆွဲနိုင်ဖို့အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကျေးရွာတွေကို ကွင်းဆင်းကာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးနေပြီဖြစ်တဲ့အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ယခုနှစ် ဇူလိုင်လအတွင်း စတင်အကောင်အထည်ဖော်သွားမှာပါ” ဟု ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တိုးတိုးက ပြောသည်။

ငြိမ်းသူ