ပန်းတနော်မြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများနှင့် မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ခဲ့ရသော အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ပန်းတနော် ဇွန် ၁

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ၂၀၂၂ ခုနှစ် မေလအတွင်းတွင် လေပြင်းတိုက်ခတ်မှု ကြောင့် ပြိုကျပျက်စီးသွားသည့်နေအိမ်များနှင့် မြစ်ကမ်းပါးပြိုကျ၍ ပြောင်းရွေ့ခဲ့ရသော နေအိမ်များအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို မေ ၃၁ ရက်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။

 

ထိုသို့ပေးအပ်ရာတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်များပြိုကျပျက်စီးခြင်းနှင့် အမိုးလန်ပျက်စီးခဲ့သည့် ပန်းတနော်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၁)အုပ်စုမှ ပြိုကျပျက်စီးခဲ့သော လူနေအိမ် (၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၇၀၀၀၀၀၊ အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် (၅၂) အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၁၆၃၀၀၀၀ နှင့် မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ခဲ့ရသည့် အိမ်ထောင်စု (၁)စုအတွက်  အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် တစ်သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထို့ပြင် သဘာဝဘေးသင့်ခဲ့သော အိမ်ထောင်စုများမှ လူဦးရေ (၂၈၅၅)ဦးတို့အား တစ်ဦးလျှင် ဆန်ရိက္ခာ ၂၁၀၀ ကျပ်နှုန်းနှင့် ပြိုကျပျက်စီးခဲ့သော အိမ်ထောင်စု (၆)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုးပါ ပလတ်စတစ်ပုံး (၆) ပုံးတို့အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်နှင့် မအူပင်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘေးသင့် အိမ်ထောင်စုများထံသို့ ပြန်လည်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)