ပဉ္စမအကြိမ် မြန်မာ-အီးယူ လူ့အခွင့်အရေးဆွေးနွေးပွဲတစ်ရပ် ကျင်းပ

နေပြည်တော် ၁၄ ဇွန်


ပဉ္စမအကြိမ်မြောက် မြန်မာ-အီးယူလူ့အခွင့်အရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။ 


ဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်နှင့် ယခင် အိုင်ယာလန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူ ဉရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Eamon Gilmore တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါဆွေးနွေးပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး Mr. Kristian Schmidt အပါအဝင် အီးယူ ကိုယ်စားလှယ် အဖွဲ့ဝင် အဆင့်မြင့်အရာရှိကြီးများနှင့် ရန်ကုန်မြို့ရှိ အီးယူအဖွဲ့ဝင်နိုင်ငံ သံရုံးအချို့တို့မှ သံတမန်များ တက်ရောက်ခဲ့ကြသည်။


ဆွေးနွေးပွဲတွင် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များဖြစ်သော အလုပ်သမားအခွင့် အရေး၊ အမျိုးသမီး၊ ကလေးသူငယ်၊ ရွှေ့ပြောင်းသွားလာသူများနှင့် မသန်စွမ်းသူများ၏ အခွင့်အရေး၊ ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ အခြေအနေများ၊ အခြေခံလူ့အခွင့်အရေးများရရှိရေး၊ စီးပွားရေးနှင့် လူမှုရေးအခွင့်အရေးများ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြား ခွင့်၊ အမုန်းတရား လှုံ့ဆော်မှုများ ကာကွယ်တားဆီးခြင်း ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာ မျက်နှာစာတွင် လူ့အခွင့်အရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတကာလူ့အခွင့် အရေးဆိုင်ရာစာချုပ်များသို့ မြန်မာနိုင်ငံမှ ဝင်ရောက်မှု၊ စာချုပ်များအား အကောင်အထည် ဖော်မှုအခြေအနေနှင့် တိုင်းရင်းသားများ၏ အခြေခံအခွင့်အရေးဆိုင်ရာကိစ္စရပ်များ အပါအဝင် မြန်မာနှင့် ဥရောပသမဂ္ဂကုန်သွယ်မှု အခွင့်အရေးစိစစ်လေ့လာရေးအဖွဲ့တို့အကြား ဆွေးနွေးညှိနှိုင်းနေမှုနှင့် တိုးတက်မှုများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 


 သတင်းစဉ်

 

1