ပဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန်စေတီ ကုသိုလ်တော်မြတ်စွာဘုရား (၁၃၂)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော် သံဃာဒါန သံဃာတော်အပါး(၁၀၀၀) ဆွမ်းကြီးလောင်းလှူပွဲအခမ်းအနားကျင်းပ

မန္တလေး အောက်တိုဘာ ၁၁

ပဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန်စေတီ ကုသိုလ်တော်မြတ်စွာဘုရား၏ (၁၃၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃာဒါန သံဃာတော်အပါး(၁၀၀၀)အား ဆွမ်းသပိတ် လောင်းလှူပွဲအခမ်းအနားကို အောင်မြေသာစံမြို့နယ်ရှိ မဟာလောကမာရဇိန် စေတီကုသိုလ်တော် မြတ်စွာဘုရား၌ ယနေ့နံနက်ပိုင်းကကျင်းပရာ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုသိုလ်တော်မြတ်စွာဘုရားအား ဖူးမြော် ကြည်ညိုကြပြီး စေတီတော်ရင်ပြင်တော်တွင် မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာ တော်များအားအလှူရှင်များနှင့်အတူ ဆွမ်းသပိတ်များ၊ လှူဖွယ်ပစ္စည်း များ၊ နဝကမ္မဝတ္ထုငွေများ လောင်းလှူပူဇော်ကြကာ အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။ 

အလားတူ ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မဟာမုနိဘုရားကြီးနှင့် မန္တလေးတောင်တော်ဆုတောင်းပြည့်မြတ်စွာဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုကာ ရွှေသင်္ကန်း၊ ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူပူဇော်ကြပြီး ဘုရားဖူးလာပြည်သူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာမုနိဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များအား ဂေါပကရုံးခန်းတွင်တွေ့ဆုံကာ ဘုရားဖူးများ စိတ်ချမ်းမြေ့စွာ ဖူးမြော်ကြည်ညိုရေး   အလေးထားဆောင်ရွက်ရန်၊ ဘုရားကြီးပရဝဏ်အတွင်းအပြင် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ် ရေး၊  ဘဏ္ဍာငွေများသုံးစွဲရာတွင် အလေအလွင့်များ မဖြစ်ပေါ် စေရေးနှင့် လုပ်ငန်းတာဝန် များအပေါ် စေတနာထားဆောင်ရွက်ရေးတို့ကို မှာကြားပြီး ဘုရားကြီးရင်ပြင်တော်တွင် ဆီမီးများ ထွန်းညှိပူဇော်ကြသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေးတောင်တော်သို့ ညနေပိုင်းတွင် ရောက်ရှိပြီး မန္တလေးတောင်တော်စိမ်းလန်းစိုပြည်ရေးအတွက် တောင်အတက်အဆင်း ကားလမ်း တစ်လျှောက် စိုက်ပျိုးထားသည့်အရိပ်ရအပင်များ ရှင်သန်မှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ မန္တလေးတောင်တော်ဆုတောင်းပြည့်မြတ်စွာဘုရားကို ဖူးမြော်ကြည်ညိုပြီး ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူကာ ဂေါကပအဖွဲ့ထံအလှူငွေလှူဒါန်းပြီး လှည့်လည်ကြည့်ရှု၍ ဘုရားဖူးလာပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)