ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ ကဆုန်ညောင်ရေသွန်းလောင်းပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပ

နေပြည်တော်  ၁၈  မေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်တွင် (၄၁)နှစ်မြောက် မြို့နယ်လုံးဆိုင်ရာ ကဆုန်ညောင်ရေသွန်းပွဲတော်ကို မေ ၁၈ ရက် ကဆုန်လပြည့်နေ့ ယနေ့ညနေပိုင်းတွင် ပျဉ်းမနားမြို့၊ ဆုတောင်းပြည့် လောကမာရဇိန် စေတီတော်ဓမ္မာရုံ၌ စည်းကားသိုက်မြိုက်စွာ ကျင်းပသည်။

ရှေးဦးစွာ ကဆုန်ညောင်ရေသွန်းပွဲတော်ကြီးကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ဖွင့်လှစ်ပြီး ပျဉ်းမနားမြို့နယ် မြို့မပရိယတ္တိ ဈေးကုန်းကျောင်းတိုက် စာသင်တိုက်၊ စာသင်ချဆရာတော် ဘဒ္ဒန္တစန္ဒောဘာသထံမှ ကြွရောက်လာသူ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ပျဉ်းမနားမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးနှင့် တာဝန်ရှိသူများမှ သံဃာတော် အရှင်သူမြတ်များအား လှူဘွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြပြီး ဆရာတော်မှ အနုမောဓနာတရားနှင့် ရေစက်သွန်းချ အမျှပေးတရားတော်အား ချီးမြှင့်ပေးသည်။

 

mdn

 

ထို့နောက် ဆရာတော်အရှင်သူမြတ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်အလိုက် ဝတ်အသင်းများနှင့် ဒေသခံပြည်သူများမှ စုပေါင်း၍ စည်းကားသိုက်မြိုက်စွာ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းလှူ ပူဇော်ကြကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)