ပျဉ်းမနားမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ

ပျဉ်းမနား   မေ   ၂၇

ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့နယ် အခြေခံပညာ မူလတန်းလွန်ကျောင်း ဘောဂဝတီ၌ ကျင်းပရာ အခမ်းအနားသို့ ပျဉ်းမနားမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတို့မှ ကျောင်းအုပ်ဆရာ ဆရာမကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်သန်းက အဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးတင်ဆန်းက ကျောင်းအပ်လက်ခံ ဆောင်ရွက် ပေးနေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပြဋ္ဌာန်းပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ/ဆရာမကြီးများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။

ခန့်ဝင်းကျော်(မြို့နယ်ပြန်/ဆက်)